|
ပြီးခဲ့သည့် နွေရာသီက စာချုပ်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး အီဘရာဟင်မိုဗစ်သည် လာလီဂါသို့ ရောက်ရှိသည့် စပ်ကူးမတ်ကူးကာလကို ဝေဖန်သံမျိုးစုံနှင့် စတင်ဖြတ်သန်းခဲ့ရသည်။ သို့သော် ၂၀၁၀ ကူးပြောင်းချိန်အထိ အရှိန်အ၀ါကြီးသော တိုက်စစ်မှူးသည် ဂိုးပေါက်ကို ပြန်တွေ့ရန် ခက်ခဲနေဆဲဖြစ်သည်။ သို့သော် စပို့တ်သတင်းစာတွင် ဖော်ပြသည့် ထင်မြင်ချက်များတွင် သူ၏ ဂိုးပေါက်ပျောက်နေသည့် ကာလနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမဖြစ်မိကြောင်း အီဘရာဟင်မိုဗစ်က ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျနော့်ကို စိုးရိမ်ပူပန်မှု မဖြစ်စေပါဘူး။ အေဂျက်မှာတုန်းက ပထမနှစ်မှာရယ်၊ ဂျူဗင်တပ်စ်ကို ရောက်ခါစမှာရယ်၊ အင်တာရဲ့ နောက်ပိုင်းကာလတွေမှာရယ် အဲလိုဖြစ်ခဲ့တာပါပဲ။ သိသာတာကတော့ ဘာစီလိုနာလို အသင်းမျိုးမှာ ဗဟိုတိုက်စစ်မှူးဖြစ်တဲ့ ကျနော့်အနေနဲ့ ဂိုးတွေသွင်းဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒါချည်းပဲ အဓိကတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
နည်းပြ ပက်ပ်ဂွါဒီယိုလာနှင့် ပတ်သက်၍လည်း အီဘရာက ဘာစီလိုနာနည်းပြအနေဖြင့် သူ့ကို ကောင်းမွန်စွာ အထောက်အကူ ပေးသည်ဟု ခံစားရကြောင်း မှတ်ချက်ပြုပြောဆိုသည်။ ပက်ပ်ဂွါဒီယိုလာသည် သူ၏ သွင်းဂိုးများအတွက်သာမက စုပေါင်းကစားမှုနှင့် အထောက်အကူများ အပါအ၀င် အသင်းအပေါ် သူ၏ စွမ်းဆောင်ပေးမှုအားလုံးအတွက် ကာကွယ်ပြောဆိုပေးခဲ့ကြောင်း အီဘရာက ဆက်လက်ပြောဆိုသည်။
“ဂိုးသွင်းနိုင်အောင် ဖန်တီးပေးတယ်ဆိုတာကလည်း ကစားဖော်တယောက်ကို ပျော်ရွှင်မှုပေးတာဖြစ်လို့ ကိုယ်တိုင် ဂိုးသွင်းရသလိုပါပဲ။ အဲဒါက ကျနော့် အတွက် ဂိုးသွင်းသလိုပဲ အရေးကြီးပါတယ်။ နောက်ဆုံးမှာ ဂိုးတွေသွင်းလာ နိုင်မှာကို သိနေတဲ့အတွက်ကြောင့် ဂိုးသွင်းခြေပျောက်နေတာအပေါ် စိုးရိမ်ပူပန်မှု မဖြစ်မိပါဘူး။ ကစားသမားတယောက် ကောင်းကောင်းကစားရင် အသင်းကို ကူညီတာပါပဲ။ အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှာပဲ။ ဂိုးတွေ သွင်းနိုင်မှာပဲ။ ကျနော်က ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် ဝေဖန်တတ်သူ တယောက်ပါ။ ဘယ်တော့မှ ကျေနပ်နေသူ မဟုတ်ပါဘူး” ဟု အီဘရာက ပြောဆိုသည်။
မြို့အသစ်၊ အသင်းသစ်တွင် ပျော်ရွှင်နေပုံနှင့် ပတ်သက်၍လည်း “ကျနော့်မိသားစုက စပိန်မှာ ကောင်းကောင်းနေသားကျနေပါပြီ။ ကျနော်လည်း ဒီမှာ ပျော်ပါတယ်။ အသင်းက ဆုတွေအားလုံး ရခဲ့တယ်။ အဲဒီလိုပဲ ဆက်ရမယ်လို့ ကျနော် မျှော်လင့်တယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကိုတော့ ကျနော် စိတ်မကောင်း ဖြစ်မိပါတယ်” ဟု အီဘရာက ပြောဆိုသည်။
စပိန်ဘောလုံးလောကနှင့် ပတ်သက်၍လည်း အီဘရာက “နယ်သာလန် ဒါမှမဟုတ် အီတလီမှာ (၁-၀) လောက်နဲ့နိုင်ရင် ပိုက်ဆံ ပေးကြည့်ရတဲ့ လက်မှတ်တစောင်အတွက် ခင်ဗျားကိုယ်ခင်ဗျား အားရမှာမဟုတ်ဘူး။ မကျေမနပ်နဲ့ အိမ်ပြန်ရလိမ့်မယ်။ ဒီမှာကတော့ လူတွေက ခေတ်မီတဲ့၊ ပျော်ရွှင်စရာပေးစွမ်းတဲ့ ကစားကွက်တွေကို ကြည့်ချင်တာ။ ကျနော် နူးကမ့်ပ်က ပွဲကြည့်စင်ပေါ်မှာ ကြည့်ခဲ့မယ်ဆိုရင်လည်း အဲဒါမျိုးပဲ ကြည့်ချင်မှာပဲ” ဟု ပြောဆိုသည်။
နောက်ဆုံးအနေဖြင့် အီဘရာဟင်မိုဗစ်က သူ၏ အသင်းကစားပုံကို ချီးကျူးပြောဆိုခဲ့သည်။ “နှစ်အနည်းငယ်အတွင်းမှာ ဘောလုံးသမားတိုင်း ကျနော်တို့လို ကစားချင်လိမ့်မယ်။ ဘာကာက ဧရာမ အသင်းတသင်းဖြစ်တယ်။ ကျနော်တို့အားလုံး တယောက်အကြောင်း တယောက်သိတယ်။ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ ကျနော်တို့အားလုံး အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ကစားနေကြတာပါ” အီဘရာက ပြောဆိုသည်။ |