ဒရော့ဘာ၏ သွင်းဂိုးများဖြင့် ချယ်ဆီး အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည်ရောက်ရှိ
NEJ / ၈ ဖေဖော်ဝါရီ ၂၀၁၀

ဖေဖော်ဝါရီ (၇) ရက် တနင်္ဂနွေနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ စတန်းဖို့ဒ်ဘရစ်ခ်ျ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) တွင် အိမ်ရှင် ချယ်ဆီးအသင်းက အာဆင်နယ်အသင်းကို (၂) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိသွားသည်။

ယခုပွဲတွင် ရှုံးနိမ့်ခဲ့မှုကြောင့် အာဆင်နယ်အသင်းသည် ချယ်ဆီးအသင်း၏ အောက် (၉) မှတ်အကွာသို့ ရောက်ရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်၏ အောက် (၇) မှတ်အကွာသို့ ရောက်ရှိခဲ့သည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်များ မှေးမှိန်သလိုဖြစ်ခဲ့ရသည်။

ချယ်ဆီးအသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို ပထမပိုင်းအတွင်းမှာပင် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒီဒီယာဒရော့ဘာ တဦးတည်းက သွင်းယူခဲ့သည်။ ဒရော့ဘာသည် ၂၀၀၄ ခုနှစ်တွင် ချယ်ဆီးအသင်းသို့ ရောက်ရှိခဲ့ချိန်မှစ၍ အာဆင်နယ်အသင်းနှင့် ကစားခဲ့သည့် ပွဲအရပ်ရပ်တွင် (၁၂) ဂိုး သွင်းယူခဲ့ပြီးဖြစ်သည်။

ပထမပိုင်း (၈) မိနစ်တွင် ချယ်ဆီးအသင်း ဘယ်ထောင့်ကန်ဘော ကန်ခွင့်ရသည်ကို ပြင်သစ်တောင်ပံကစားသမား ဖလောရင့်မာလူဒါက ကန်တင်သည်။ ကန်တင်လိုက်သည့် ဘောလုံးကို ဂိုးရှေ့တွင်ရှိသည့် ချယ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက ဂိုး၏ ညာဘက်ထောင့်နားသို့ ခေါင်းတိုက်ချပေးရာ အသင့်စောင့်နေသည့် ဒီဒီယာဒရော့ဘာက မြေမကျဘော အသာအယာ ပိတ်သွင်းယူလိုက်သဖြင့် ချယ်ဆီးအသင်း အဖွင့်ဂိုး စတင်ရရှိသည်။

ထို့နောက် ပထမပိုင်း (၂၃) မိနစ်တွင် ချယ်ဆီးကွင်းလယ်လူ ဖရန့်ခ်လမ်းပတ် ကွင်းလယ်မှ ဆွဲပြေးလာပြီး ဘောလုံးကို ညာဘက် ဂိုးစည်းထိပ်နားတွင်ရှိသည့် တိုက်စစ်မှူး ဒရော့ဘာထံ ထိုးပေးလိုက်သည်။ ဒရော့ဘာက ဘောလုံးကို ဂိုးစည်းအတွင်းသို့ ဆွဲပြေးပြီး အာဆင်နယ်နောက်ခံလူ နှစ်ယောက်ကို လိမ်ခေါက်ကာ ဘယ်ခြေဖြင့် မနားတမ်း ကန်သွင်းယူလိုက်သဖြင့် ချယ်ဆီးအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။

ချယ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် အင်္ဂလန်အသင်းကစားဖော် ၀ိန်းဘရစ်ခ်ျ၏ ရည်စားဟောင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်လက်ပတ်စွန့်လွှတ်ခဲ့ရသော်လည်း ယခုပွဲတွင် စိတ်ဖိစီးသည့် အမူအရာ မတွေ့ရဘဲ တည်တည်ငြိမ်ငြိမ်နှင့် ချယ်ဆီးနောက်တန်းအား အကောင်းဆုံး ဦးဆောင်ကစားသွားသည်ကို တွေ့ရသည်။

“ကျနော့် အသင်းခေါင်းဆောင်ရဲ့ ကစားပုံကတော့ အလွန်ကောင်းမွန်တဲ့ အနေအထားပါပဲ။ သူက အသင်းအတွက် ပွဲတိုင်းကို အကောင်းဆုံး ကစားသူပါ။ ဒီလိုခေါင်းဆောင်မှုမျိုးက အသင်းအနိုင်ရဖို့အတွက် အရမ်းကို အရေးပါပါတယ်” ဟု ချယ်ဆီးအသင်းနည်းပြ အန်ဆယ်လော့တီက ပွဲအပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။

အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကလည်း ဂျွန်တယ်ရီ၏ နောက်တန်းကစားပုံ အရည်အသွေးကို ချီးမွမ်းပြောဆိုခဲ့သည်။ “သူတို့ရဲ့ နောက်တန်းကစားပုံအတွက် ချယ်ဆီးအသင်းကို ကျနော် ချီးကျူးပါတယ်။ သူတို့မှာ အလွန်ကောင်းတဲ့ နောက်ခံလူတွေရှိတယ်။ သူ ဘောလုံးကစားတဲ့ အချိန်တိုင်း ဂျွန်တယ်ရီဟာ အနိုင်ရလိုစိတ် ပြင်းပြတယ်ဆိုတာ ကျနော် ယုံကြည်တယ်” ဟု အာဆင်ဝင်းဂါးက ပြောဆိုသည်။

အီတလီနည်းပြ အန်ဆယ်လော့တီက ချယ်ဆီးအသင်းတွင် ဂိုး - ပီတာဆက်ခ်ျ၊ နောက်တန်း - အက်ရှ်လေကိုးလ်၊ ကာဗယ်လ်ဟို၊ ဂျွန်တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ အလယ်တန်း - မာလူဒါ၊ လမ်းပတ်၊ ဘောလက်၊ မီခေးလ်၊ ရှေ့တန်း - ဒရော့ဘာ၊ အနယ်လ်ကာတို့ကို ပွဲထွက်စေခဲ့ပြီး ယူရီဇာကော့ဗ်၊ ဂျိုးကိုးလ်၊ ကာလူးတို့ လူစားဝင်ကစားခဲ့ကြသည်။

အာဆင်နယ်အသင်းတွင် ဂိုး - အယ်မူနီယာ၊ နောက်တန်း - ကလစ်ချီ၊ ဗာမီလင်၊ ဂါးလက်စ်၊ ဆက်ဂနာ၊ အလယ်တန်း - ဒီယာဘီ၊ ဆောင်းဘီလောင်း၊ ဖာဘရီဂက်စ်၊ နာဆရီ၊ ရှေ့တန်း - အာရှာဗင်၊ သီအိုဝဲလ်ကော့တို့ ပွဲထွက်ကစားခဲ့ကြပြီး အီဘိုယေး၊ ရိုဆစ်ကီး၊ ဘန့်တနာတို့ လူစားဝင်ကစားခဲ့ကြသည်။

ပွဲစဉ် (၂၅) အပြီးတွင် ချယ်ဆီးအသင်းက စုစုပေါင်း (၅၈) မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက (၅၆) မှတ်ဖြင့် ဒုတိယနေရာမှ ဆက်လက်ဖိအားပေးနေဆဲဖြစ်သည်။ အာဆင်နယ်အသင်းကမူ (၄၉) မှတ်တွင် ရပ်တန့်နေပြီး လီဗာပူးအသင်း၏ အထက် (၅) မှတ်အသာဖြင့် တတိယနေရာတွင် ဆက်လက်တည်ရှိနေသည်။ (၂) ပွဲလျော့ ဘော်လ်တန်၊ တပွဲလျော့ ၀က်စ်ဟမ်း၊ ၀ူလ်ဗာဟမ်ပ်တန်၊ ပို့စ်မောက်တို့ တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်။