|
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရီစ်မြို့တော်၌ ကျင်းပပြုလုပ်သည့် ဘောလုံးပွဲတပွဲမှ ရိုဆာရီယိုမြို့သို့ ပြန်လာသည့်လမ်းတွင် ပရိသတ်များ စီးနင်းလာသည့် ဘတ်စကားကို သေနတ်သမားများက တိုက်ခိုက်မှုကြောင့် လူနှစ်ဦးနှင့်အတူ ပစ်ခတ်ခံရပြီး အာဂျင်တီးနား လူငယ်ဘောလုံးပရိသတ်တဦး ကြာသပတေးနေ့၌ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။
အာဂျင်တီနားနိုင်ငံ၏ ဒုတိယမြို့တော် ရိုဆာရီယိုနှင့် မြို့တော် ဗျူနိုအေရီစ်ကို ဆက်သွယ်ထားသည့် မော်တော်ကားလမ်း ပေါ်တွင် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု၌ အဆိုပါလူငယ်၏ ခေါင်းသို့ သေနတ်ကျည်ဆန် (၃) တောင့် ထိမှန်ခဲ့ကြောင်း ရိုဆာရီယို စုံစမ်းရေးရဲအရာရှိတဦးက ဒေသဆိုင်ရာ ရေဒီယိုသို့ ပြောဆိုသည်။
(၂၈) နှစ်အရွယ် လူတဦးနှင့် (၄၂) နှစ်အရွယ် အခြားတဦးတို့မှာမူ သေနတ်ကျည်ဆန် ထိမှန်ခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိခဲ့ပေ။ သူတို့ (၃) ဦးသည် ဗုဒ္ဓဟူးနေ့ညက ဗျူနိုအေရီစ်မြို့တော် တောင်ဘက်ခြမ်းရှိ ပါကေးပက်ထရီစီရော့စ် စီရင်စုအရပ်၌ ဟာရာကန်ကလပ်အသင်းနှင့် သူတို့၏အသင်း နီဝဲလ်ကလပ်တို့ ယှဉ်ပြိုင်ကစားသည့် ပထမတန်းဘောလုံး ပြိုင်ပွဲကို လာရောက်အားပေးခဲ့ကြခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဟာရာကန်အသင်းက (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နီဝဲလ်ပရိသတ်အစုအဝေးကို ပြန်လည်တင်ဆောင်လာသည့် ဘတ်စကားတွင် လိုက်ပါစီးနင်းလာကြသူများဖြစ်သည်။
တိုက်ခိုက်မှုသည် အာဂျင်တီးနားဘောလုံးလောကတွင် ပိုမိုဖြစ်ပွားလာသည့် ‘ဘာရက်စ်ဘရာဗက်စ်’ ခေါ် အမာခံပရိသတ်အုပ်စုအချင်းချင်း တိုက်ခိုက်မှုဖြစ်သည့် အသင်းတူ ပြိုင်ဘက်အမာခံပရိသတ်အုပ်စုတစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပုံရကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။
အသုံးပြုခဲ့သည့် လက်နက်များသည် စက်သေနတ်များဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကိုလည်း မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ သံသယရှိသူများကို ရဲက စုံစမ်းရှာဖွေနေဆဲဖြစ်သည်။ |