|
၂၀၀၆ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင် ပက်ကွီအိုသည် စူပါဘင်တန်ဝိတ်တန်းချန်ပီယံ နှစ်ကြိမ်ရ အော်စကာလာရီ ယို့စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ပြီး သူ၏ WBC နိုင်ငံတကာ စူပါဖယ်သာဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုံစီးတီး၊ အရာနီတာကိုလီစီယမ် လက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါလက်ဝှေ့ပွဲတွင် ပက်ကွီအိုက လာရီယို့စ်ကို (၁၂) ချီ အတွင်း (၂) ကြိမ် အလဲထိုးပြီး ဒိုင်လူကြီးများ၏ တညီတညွတ်တည်းသော ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒိုင်လူကြီး
(၃) ဦးစလုံးက ၁၁၇-၁၁၀၊ ၁၁၈-၁၀၈၊ ၁၂၀-၁၀၆ ဖြင့် ပက်ကွီအိုကို အမှတ်အသာပေးခဲ့သည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တယောက်တပွဲစီ အနိုင်ရရှိထားကြသည့် ပက်ကွီအိုနှင့် မိုရေးလ်စ်တို့ တတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ လာ့စ်ဗေးဂတ်စ်မြို့၊ သောမတ်စ်အဲန်မာ့ခ်စင်တာတွင် ပရိသတ် (၁၈,၂၇၆) ၏ ရှေ့မှောက်၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပက်ကွီအိုက မိုရေးလ်စ်ကို တတိယအချီတွင် အလဲထိုးအနိုင်ရရှိခဲ့သည်။
ပက်ကွီအို-မိုရေးလ်စ် တတိယအကြိမ် ထိုးသတ်ပြီးနောက် ပက်ကွီအို၏ လက်ဝှေ့ပွဲကို အဓိကစီစဉ်သူ ဘော့ဘ်အရမ်က ပက်ကွီအိုသည် စာချုပ်ငှားရမ်းထားသည့် အပိုဆုကြေးချက်လက်မှတ်ကို Golden Boy Promotions လက်ဝှေ့ပွဲသွင်းသည့် ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ပြီး Top Rank လက်ဝှေ့ပွဲသွင်းသည့် ကုမ္ပဏီနှင့် လက်တွဲရန် ဆန္ဒရှိကြောင်း မီးစိမ်းပြခဲ့သည်ဟု ကြေညာခဲ့သဖြင့် Golden Boy Promotions ကုမ္ပဏီက ပက်ကွီအိုကို စာချုပ်ပါစည်းမျဉ်းများ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်။
၂၀၀၆ ခုနှစ်အကုန်တွင် HBO (Home Box Office - Time Warner ၏ လက်အောက်ခံ တယ်လီဗေးရှင်း အစီအစဉ် တင်ဆက်သည့် ကုမ္ပဏီ) နှင့် ကြိုးဝိုင်းမဂ္ဂဇင်း (Ring Magazine) တို့က ပက်ကွီအိုကို ‘တနှစ်တာ အကောင်းဆုံး လက်ဝှေ့သမား’ အဖြစ် ရွေးချယ်ခဲ့သည်။ ထို့အပြင် HBO မှ ‘တနှစ်တာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လက်ဝှေ့သမား’ အဖြစ်လည်း သူ့ကို ရွေးချယ်ခဲ့သည်။
မိုရေးလ်စ်နှင့် ပွဲအပြီးတွင် မာကိုအန်တိုနီယိုဘာရီရာ၏ အုပ်စုနှင့် ပွဲဖြစ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှု ပျက်ပြားပြီးနောက် ပက်ကွီအို၏ လက်ဝှေ့ပွဲစီစဉ်သူ ဘော့ဘ်အရမ်က ဂျော့ခ်ျဆိုလစ်ကို ရွေးချယ်ခဲ့သည်။ လက်ဝှေ့ကျော် အမြောက်အမြားထဲမှ ပက်ကွီအိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် ဘော့အရမ်က ဂျော့ခ်ျဆိုလစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် တက္ကဆက်ပြည်နယ်၊ စန်အန်တိုနီယိုမြို့၌ ဂျော့ခ်ျဆိုလစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ဆဌမအချီတွင် မတော်တဆ ခေါင်းချင်းဆောင့်မိသည့်အတွက် ပက်ကွီအို၏ ဘယ်ဘက်မျက်ခုံးအောက်တွင် ကွဲအက်သွားခဲ့သည်။ (၈) ချီမြောက်တွင် ပက်ကွီအိုက ဆိုလစ်ကို (၂) ကြိမ် အလဲထိုးပြီးနောက် ပွဲကို အဆုံးသတ်ခဲ့သည်။ ဒုတိယအကြိမ်မြောက် အလဲထိုးခံရပြီးနောက် အမှတ်စဉ်ရေတွက်မှု ကျော်ရုံသာရှိသေးချိန်တွင် ဒိုင်လူကြီး (ဆရာဝန်တဦးလည်းဖြစ်သူ) က လက်ဝှေ့ပွဲကို ချက်ချင်းရပ်နားပြီး ပက်ကွီအိုကို အနိုင်ပေးခဲ့သည်။ ပက်ကွီအို၏ အနိုင်-အရှုံး-သရေပွဲ မှတ်တမ်းတွင် နိုင်ပွဲအရေအတွက် တိုးလာပြီး (၄၄) ပွဲနိုင်- (၃) ပွဲရှုံး - (၂) ပွဲသရေ ဖြစ်လာခဲ့သည်။
၂၀၀၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် Top Rank နှင့် Golden Boy Promotions ကုမ္ပဏီတို့သည် မာကိုအန်တိုနီယိုဘာဘရာနှင့် ပြန်လည်ထိုးသတ်မည့်ပွဲ ကာလကြာရှည်စွာ စောင့်ဆိုင်းနေရသည့် အမှုအခင်းကို ဖြေရှင်းရန် သဘောတူညီမှုရခဲ့ကြောင်း ကြေညာခဲ့သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် လာ့စ်ဗေးဂတ်စ်မြို့၊ Mandalay Bay Resort and Casino လက်ဝှေ့ရုံ၌ ပက်ကွီအိုနှင့် မာကိုအန်တိုနီယိုဘာရီရာတို့ ထိုးသတ်ခဲ့ပြီး ဒိုင်လူကြီးများ၏ တညီတညွတ်တည်းသော ဆုံးဖြတ်ချက်ဖြင့် ပက်ကွီအိုက အနိုင်ရရှိခဲ့သည်။ (၁၁) ချီမြောက်တွင် ပက်ကွီအို၏ လက်သီးချက်ကြောင့် ဘာဘရာ၏ ညာဘက်မျက်လုံးအောက်တွင် ခပ်နက်နက် ကွဲအက်သွားခဲ့သည်။
ပွဲအပြီးတွင် ဘာရီရာက ပက်ကွီအိုကို လက်သီးဖြင့် တရားမ၀င် ထိုးခဲ့သည့်အတွက် ပက်ကွီအို မူးနောက်မှင်တက်မိသွားခဲ့သည်။ ထိုလုပ်ရပ်အတွက် ဒိုင်လူကြီးက ဘာရီရာထံမှ အမှတ်ထပ်နှုတ်ခဲ့သည်။ ဒိုင်လူကြီးနှစ်ဦးက ၁၁၈-၁၀၉ မှတ်စီပေးပြီး တတိယဒိုင်လူကြီးကမူ ၁၁၅-၁၁၂ မှတ်ပေးခဲ့သည်။ ထိုပွဲတွင် ပက်ကွီအိုသည် ဆုကြေး ဒေါ်လာ (၅) သန်းနှင့်အတူ ပွဲကြည့်ခ၀င်ငွေထဲမှလည်း ရှယ်ယာရခဲ့ဖွယ်ရှိသည်။
ဘာရီရာနှင့် ပြန်လည်ထိုးသတ်သည့်ပွဲ ပြီးသည့်နောက် (၄၅) ပွဲနိုင်၊ (၃) ပွဲရှုံး၊ (၂) ပွဲသရေကျခဲ့သည့် ပက်ကွီအိုသည် ကြိုးဝိုင်းမဂ္ဂဇင်း၏ ဂျူနီယာလိုက်ဝိတ်တန်း ပေါင် (၁၃၀) စံချိန်မှတ်တမ်းတွင် ထိပ်ဆုံး၌ (၁၀၈) ပတ်အထိ ဆက်ရှိနေခဲ့သည်။
၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၄၅) ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ညီလာခံတွင် WBC က ပက်ကွီအိုကို ဂုဏ်ထူးဆောင်ချန်ပီယံဘွဲ့ (Champ Emeritus) ချီးမြှင့်ခဲ့သည်။
၂၀၀၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ကိုယ်စားလှယ် (၂၄၀) ရှိသည့် ဖိလစ်ပိုင်အောက်လွှတ်တော်က ပက်ကွီအိုကို “a people’s champ” ဘွဲ့ချီးမြ~ှင့်ရန် တောင်ပိုင်းကိုတာဘာဆို ကိုယ်စားလှယ် ဒါလင်းအန်တိုနီယိုကတ်စ်တိုဒီယို၏ အဆိုတင်းသွင်းမှုကို သဘောတူ ဆုံးဖြတ်ချက်ချခဲ့သည်။ သူ၏ အောင်မြင်မှုများနှင့် ဖိလစ်ပိုင်ပြည်သူများထံသို့ သူ သယ်ဆောင်လာသည့် ဂုဏ်ဒြပ်များ၊ လှုံ့ဆော်နိုင်မှုများအတွက် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပက်ကွီအိုအား ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဘွဲ့တံဆိပ်ကို ပက်ကွီအိုက အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ပရော့စ်ပီရိုနိုဂရာလက်စ်ထံမှ လက်ခံရယူခဲ့သည်။
၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ပက်ကွီအိုကို ပီကင်းအိုလံပစ်ပြိုင်ပွဲဝင် ဖိလစ်ပိုင်အသင်း၏ အလံကိုင်မည့်သူအဖြစ် ကြေညာခဲ့သည်။ ပက်ကွီအိုသည် သြဂုတ်လ (၈) ရက်နေ့တွင် ပီကင်းအမျိုးသားအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၀၈ နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်အသင်း၏ အလံတော်ကို ကိုင်ဆောင်သည့် ပထမဆုံး အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားမဟုတ်သူ ဖြစ်လာခဲ့သည်။ ဖိလစ်ပိုင် အမျိုးသားအားကစားအဖွဲ့ချုပ် အရာရှိများထံ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မာကာပါဂယ် အာရိုရိုက မေတ္တာရပ်ခံခဲ့မှုအပေါ် ၂၀၀၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အကောင်းဆုံးအမျိုးသားအားကစားသမားဆုရ ရေကူးချန်ပီယံ မီဂွယ်လ်မိုနာက ပက်ကွီအိုကို ဂုဏ်ပြုသည့်အနေဖြင့် အလံကိုင်ရန် ဦးစားပေးခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် Mandalay Bay Resort and Casino လက်ဝှေ့ရုံ၌ ဟွမ်မန်နျူရယ်မားကွက်ဇ်နှင့် ပြန်လည်ထိုးသတ်ခဲ့ပြီး ကွဲပြားသော အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် ပက်ကီအို အနိုင်ရရှိခဲ့သည်။ ပွဲစဉ်တလျှောက် မားကွက်ဇ်၏ လက်သီးများက ပက်ကွီအိုကို ပိုမိုထိမှန်ခဲ့သော်လည်း တတိယအချီတွင် ပက်ကွီအိုက သူ၏ ဘယ်ဝိုက်လက်သီးချက်ဖြင့် မားကွက်ဇ်ကို ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျစေခဲ့ခြင်းသည် ပွဲ၏အဖြေကို အဆုံးအဖြတ် ဖြစ်စေခဲ့သည်။
ပွဲအပြီး ဒိုင်လူကြီးများ၏ အမှတ်ပေးမှုတွင် ပထမဒိုင်လူကြီးက ပက်ကွီအိုအတွက် ၁၁၅- ၁၁၂ မှတ် ပေးပြီး ဒုတိယဒိုင်လူကြီးက မားကွက်ဇ်အတွက် ၁၁၅-၁၁၂ မှတ် ပေးသည့်အတွက်ကြောင့် အမှတ်တူညီနေမှုအပေါ်တွင် တတိယဒိုင်လူကြီးက ပက်ကွီအိုကို ၁၁၄-၁၁၃ မှတ်ဖြင့် ပေးခဲ့သဖြင့် (၁) မှတ်ဖြင့်ကပ်ပြီး ပက်ကွီအို အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မားကွက်ဇ်၏ အုပ်စုက မကျေပွဲကို ချက်ချင်းပြန်လည်ထိုးသတ်ရန် တောင်းဆိုခဲ့သည်။ Golden Boy Promotions လက်ဝှေ့ပွဲသွင်းသည့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ရစ်ချတ်ရှေးဖားက မားကွက်ဇ်နှင့် မကျေပွဲ ပြန်လည်ထိုးသတ်လျှင် ဒေါ်လာ (၆) သန်းပေးမည်ဟု ပက်ကွီအိုကို ကမ်းလှမ်းခဲ့သည်။ သို့သော် ပက်ကွီအိုက မားကွက်ဇ်နှင့် တတိယအကြိမ် ထိုးသတ်မည့် အစီအစဉ်ကို ပယ်ချခဲ့သည်။ ပက်ကွီအိုအနေဖြင့် မားကွက်ဇ်နှင့် မကျေပွဲ ပြန်လည်ထိုးသတ်ရန် ငြင်းဆိုခဲ့သည့် အကြောင်းအရင်းမှာ ထိုအချိန်က WBC လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ သိမ်းပိုက်ထားသည့် ဒေးဗစ်ဒိုင်ယက်ဇ်ကို စိန်ခေါ်ပြီး လိုက်ဝိတ်တန်းသို့ တက်ရောက်ထိုးသတ်ရန် ရည်ရွယ်ထားသည့်အတွက်ကြောင့်ဖြစ်သည်။
ယခင်က WBC ဖလိုင်းဝိတ်တန်းနှင့် IBF စူပါဘင်တန်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆု (၂) ဆု ရရှိပြီးဖြစ်သည့် ပက်ကွီအိုသည် မားကွက်ဇ်အပေါ် အောင်ပွဲခံမှုနှင့်အတူ WBC နှင့် ကြိုးဝိုင်းမဂ္ဂဇင်း၏ စူပါဖယ်သာဝိတ်တန်းချန်ပီယံခါးပတ် (၂) ခုကို ရရှိခဲ့ပြီး ၀ိတ်တန်း (၃) ခုတွင် အဓိကကမ္ဘာ့ချန်ပီယံဆု (၃) ဆုရရှိသည့် ပထမဆုံး ဖိလစ်ပိုင်လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
(ဆက်လက်ဖတ်ရှုပါရန်) |