ဘောလုံးနဲ့ နိုင်ငံရေးထောင်ချောက်
ကိုလတ် / ၂၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာပြည်သူတွေ အသည်းစွဲဖြစ်တဲ့ ဘောလုံးအားကစားကို ယခုအခါမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး “မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ” ဆိုတဲ့ နာမည်နဲ့ ကျင်းပပြုလုပ်ခဲ့တာ နှစ်ကြိမ်တိတိ ရှိခဲ့ပါပြီ။ နှစ်ကြိမ်စလုံးမှာလည်း မန္တလေးတိုင်း ကိုယ်စားပြုအသင်းဖြစ်တဲ့ ရတနာပုံအက်ဖ်စီ ဘောလုံးအသင်းကပဲ အနိုင်ရဗိုလ်စွဲခဲ့တာကို တွေ့ရပါတယ်။ အရင်က ၀န်ကြီးဌာနအသင်းတွေချည်းပဲ ယှဉ်ပြိုင်ကစားတဲ့ အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲလောက်ပဲ ကျင်းပခဲ့ရာကနေ အခုလိုပုဂ္ဂလိက ကလပ်အသင်းတွေ ဖွဲ့စည်းပြီး နိုင်ငံခြားသား ဘောလုံးသမားတွေကိုပါ ငှားရမ်းကစားတဲ့အခါမှာ မြန်မာဘောလုံးပရိသတ်တွေ ပြည်တွင်းဘောလုံးပြိုင်ပွဲအပေါ် ပိုပြီးစိတ်ဝင်စားလာကြတာ မဆန်းဘူးလို့ ဆိုရပါမယ်။

ပြည်တွင်းပြိုင်ပွဲကို အခုမှ စိတ်ဝင်စားလာကြပေမယ့် မြန်မာပြည်မှာ ပြည်ပဘောလုံးပွဲတွေကို စိတ်ဝင်စားခဲ့ကြတာကတော့ ၈၈-အရေးအခင်းပြီး နောက်ပိုင်းက စတယ်လို့ပဲ ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ ၁၉၉၀ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေဆိုရင် ကျနော်နေထိုင်တဲ့ နယ်မြို့တွေက ဗွီဒီယိုရုံတွေမှာ ဂြိုဟ်တုစလောင်းတွေကတဆင့် အားပေးခွင့်ရနေပါပြီ။ အဲဒီမှာ ရော်ဘတ်တိုဘက်ဂီယို ဆိုတဲ့ အီတလီဘောလုံးစတားကို ဘောလုံးပရိသတ်တွေ ကောင်းကောင်းမှတ်မိခဲ့တာပေါ့။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနားကိုယ်တိုင်က သူဝတ်ဆင်တဲ့ ဘောကန်အင်္ကျီကို လိုချင်ပါတယ်ဆိုတဲ့အထိ၊ သူနဲ့ ထမင်းလက်ဆုံ စားချင်ပါတယ်ဆိုတဲ့အထိ သည်းသည်းလှုပ်ဖြစ်ခဲ့တာကို အမှတ်ရသေးရဲ့။

သူ့အပြင် ကျနော်မှတ်မိတာကတော့ အီတလီက ဘာရီစီ၊ မာလ်ဒီနီ (အခု အေစီမီလန်အသင်းခေါင်းဆောင်)၊ ဒိုနာဒိုနီ (အီတလီနည်းပြဟောင်း)၊ ဂျာမဏီက ကလင်းစမန်း (ဂျာမန်နည်းပြဟောင်း)၊ အင်ဒေရမိုလာ၊ လိုသာမားသီးယပ်စ်၊ ရူဒီဘောင်လာ (ဂျာမန်နည်းပြဟောင်း)၊ နယ်သာလန်က မာကိုဗင်ဘတ်စတင် (ဟော်လန်နည်းပြဟောင်း)၊ ဒင်းနစ်ဘားကင့်၊ ဖရန့်ရီကတ် (ဘာစီလိုနာအသင်းနည်းပြဟောင်း)၊ ၀င်းဂျုံးစ်၊ ရော်နယ်လ်ကိုးမန်း (ဗလင်စီယာအသင်းနည်းပြဟောင်း)၊ ခရစ်ကိုးမန်း၊ ဖိလစ်ကိုကူး၊ ရော်နယ်လ်ဒီဘိုးဝါး၊ ဖရန့်ဒီဘိုးဝါး၊ ဘရာဇီးကဆိုရင် ရိုမာရီယို၊ ဘီဘီတို၊ ဆွီဒင်ကဆို ဟင်းနရစ်လာဆင် စသဖြင့်ပေါ့။ ကိုယ်နဲ့ မရင်းနှီးတဲ့ ခဲရာခဲဆစ် နာမည်တွေကို မြန်မာပြည်သူတွေ အလွတ်ရလာတယ်။ အဲဒီကတဆင့် ၉၄ ကမ္ဘာဖလား၊ ယူရို ၉၆၊ ၉၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေမှာ မြန်မာပြည်သူတွေရဲ့ ဘောလုံးအပေါ် စိတ်ဝင်စားမှုဟာ ဒီရေအလား မြင့်တက်လာခဲ့တာ အခုအချိန်အထိပဲ ဆိုပါတော့။

အဲဒီလို မြန်မာပြည်သူတွေ ဘောလုံးအပေါ် အရူးအမူးဖြစ်လာကြခြင်းက ၉၀-ရွေးကောက်ပွဲ ကျင်းပပေးပြီး နိုင်ငံရေးအရ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ န၀တ/နအဖစစ်အုပ်စုဝင်တွေအတွက် အသက်ရှူရှောင်စေခဲ့တယ်လို့လည်း ပြောရမှာဖြစ်ပါတယ်။ ပြည်သူတွေ နိုင်ငံရေးအပေါ် စိတ်ပြန်လည်မလာအောင် နည်းမျိုးစုံကျင့်သုံးတဲ့အထဲ ဘောလုံးကိုလည်း န၀တ/နအဖက လက်နက်သဖွယ် အသုံးပြုခဲ့လို့ဖြစ်တယ်။ န၀တ/နအဖတတွေဟာ လူထုနဲ့ နိုင်ငံရေး အဆက်ပြတ်အောင် လုပ်ဆောင်ရာမှာ ဘောလုံးအပြင် လူတွေအာရုံပြောင်းစေမယ့် တရုတ်ဇာတ်လမ်းတွဲ၊ အိန္ဒိယဇာတ်လမ်းတွဲ၊ ကိုးရီးယားဇာတ်လမ်းတွဲတွေကိုလည်း မရပ်မနား တင်ဆက်ခဲ့တယ်။

လူငယ်လူရွယ်တွေကို နိုင်ငံရေးဘက် စိတ်လည်မလာအောင် မူးယစ်ဆေးဝါးတွေ၊ အရက်ဘီယာတွေ ဖောချင်းသောချင်း ဖြန့်ဖြူးပေးခဲ့တယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ အကွက်ချစီမံမှုနဲ့ ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအတော်များများမှာ ဘီယာစတေရှင်ကြီးတွေ ဟီးထနေအောင်ဖွင့်ခဲ့တယ်။ ထောက်လှမ်းရေးနဲ့ ပုလဲနံပသင့်တဲ့ စီးပွားရေးသမားတွေကို အရက်ဆိုင်၊ ဘီယာဆိုင်ဖွင့်ခွင့်လိုင်စင်တွေ ချပေးပြီး အစိုးရသတင်းပေး ပြန်လုပ်ခိုင်းတယ်။ လူတွေကို စောင့်ကြည့်ခိုင်းတယ်။ ဘီယာစတေရှင်တွေမှာ ဘောလုံးပွဲကို ဂြိုဟ်တုစလောင်းတွေကတဆင့် ပိတ်ကားကြီး ပိတ်ကားငယ်တွေနဲ့ အဆက်မပြတ် ပြပေးတယ်။ နောက်ပြီး လူအများစုစိတ်ဝင်စားတဲ့ ဗေဒင်၊ နက္ခတ္တ၊ ဂမ္ဘီရမဂ္ဂဇင်း ဂျာနယ်တွေ၊ မှုခင်းဂျာနယ်တွေ၊ ဘောလုံးအားကစားဂျာနယ်တွေကို ပလူပျံနေအောင် ထုတ်ဝေခွင့်ပေးတယ်။ လူထုနဲ့ နိုင်ငံရေး ဝေးသထက်ဝေးအောင် လမ်းကြောင်းလွှဲတဲ့နည်းတွေကို အဲသလို စနစ်တကျဖော်ဆောင်ခဲ့တယ်။

န၀တ/နအဖလက်ထက်မတိုင်ခင်က ဘောလုံးနဲ့ အားကစားအကြောင်းတွေ ရေးသားထုတ်ဝေတဲ့ ဂျာနယ်ဆိုလို့ မှတ်မှတ်ရရ တံခွန်နဲ့ အင်အားနှစ်မျိုးပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီတုန်းကထုတ်တဲ့ တံခွန်နဲ့ အင်အားက ဘောလုံးတခုတည်းကို အဓိက ဖိုးကပ်စ်ထားပြီး ထုတ်တာမဟုတ်သလို နိုင်ငံတကာဘောလုံးပွဲတွေအကြောင်းလည်း သိပ်ပြီး ထည့်တာမဟုတ်ပါဘူး။ ပြည်တွင်းအားကစားကဏ္ဍမျိုးစုံကို မျှမျှတတ ဖော်ပြတာပါ။ ဒါပေမယ့် ၁၉၉၈ လောက်မှာ ထင်တယ်။ တက်လမ်းဂျာနယ်က ကဏ္ဍစုံ ရေးသားထုတ်ဝေရာကနေ ဘောလုံးကိုပဲ အဓိကဇောင်းပေးပြီး ထုတ်ဝေလာခဲ့တယ်။ နိုင်ငံတကာဘောလုံးပွဲတွေ အကြောင်း၊ ဘောလုံးသမားတွေအကြောင်း ဖော်ပြပေးတာကို ပရိသတ်တွေက အထူးအားပေးလာတယ်။

အဲဒီတက်လမ်းဂျာနယ် ရောင်းအားကောင်းလာတာလည်း မြင်ရော ငါးပွက်ရာ ငါးစာချချင်တဲ့ စီးပွားရေးသမားတွေက စစ်ထောက်လှမ်းရေး၊ စာပေစိစစ်ရေး၊ ပြည်ထဲရေးဌာနက အရာရှိတွေနဲ့ပေါင်းပြီး ဂျာနယ်ထုတ်ဝေခွင့်အသစ်တွေရအောင် ကြိုးစားကြပါလေရော။ စစ်အုပ်စုဝင်တွေအနေနဲ့လည်း လူထုကို နိုင်ငံရေးကနေ အာရုံလွှဲဖို့ နည်းသစ်တခု ရတာဖြစ်လို့ ထုတ်ဝေခွင့်အသစ်တွေ တော်ရုံတန်ရုံ ချမပေးတဲ့ ပြည်ထဲရေးဌာနဟာ ဂျာနယ်ထုတ်ဝေခွင့်အသစ်တွေကို ဗုံပေါလအော ချပေးပါတော့တယ်။ အဲဒီမှာတင် ထွက်လာလိုက်တဲ့ ဘောလုံးဂျာနယ်တွေဆိုတာ ပလူကို ပျံနေရောပဲ။

ထွက်လာတဲ့ ဘောလုံးဂျာနယ်တွေမှာ ဘောလုံးသတင်းပလင်းတွေအပြင် လောင်းကစားလုပ်ဖို့အတွက်ပါ ရည်ရွယ်ထည့်သွင်းထားတဲ့ နိုင်ခြေရှုံးခြေခန့်မှန်းတွေကိုလည်း စာပေစိစစ်ရေးက သိသိကြီးနဲ့ ခွင့်ပေးထားတယ်။ အဲဒီ ခန့်မှန်းတွေကိုဖတ်ပြီး စိမ်ပြေနပြေ လောင်းကြေးထပ်ကြလေတော့ ပြည်သူတွေခမျာ ချဲထီ၊ နှစ်လုံးထီနဲ့ တင်မကတော့ဘဲ ဘောလုံးကြွေးသံသရာမှာပါ စုန်းစုန်းမြုပ်ကြပါလေရော။ ကလေးငယ်တွေဆိုလည်း ကျောင်းစာမှာ ထူးချွန်မချွန်တော့မသိ။ ဘောလုံးဂျာနယ်တွေရဲ့ ထောင်စေ့အောင် တင်ဆက်ပေးမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မန်ယူစပယ်ရှယ်လစ် ဖြစ်လိုဖြစ်၊ လီဗာပူးစပယ်ရှယ်လစ် ဖြစ်လိုဖြစ်၊ ရီးရဲလ်မက်ဒရစ်စပယ်ရှယ်လစ် ဖြစ်လိုဖြစ်နဲ့ ဘောလုံးပါရဂူတွေ အလျှိုလျှိုပေါ်ထွန်းလာလေရဲ့။

နိုင်ငံတကာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်လာတာဟာ တိုးတက်တဲ့ တိုင်းပြည်တွေက ၀င်ငွေကောင်းတဲ့ လူတွေအတွက်တော့ အားလပ်ချိန်မှာ အပန်းဖြေစရာတခု တိုးသလိုမျိုးဖြစ်ပေမယ့် အလုပ်လက်မဲ့ဖြစ်နေကြတဲ့ မြန်မာပြည်သူတွေအတွက်တော့ ဘောလုံးပွဲကြည့်လို့ အချိန်ကုန်အိပ်ရေးပျက်၊ ဘောလုံးဂျာနယ်တွေ ၀ယ်ဖတ်လို့ ပိုက်ဆံကုန်၊ လောင်းကြေးတွေထပ်လို့ ကြွေးသံသရာလည် ဆိုသလိုဖြစ်ကြပြီး နိုင်ငံရေးဘက်မလှည့်စေချင်တဲ့ နအဖစစ်အုပ်စုအတွက်သာ အမြတ်တွေ ထွက်ပြီးရင်း ထွက်နေတော့ရဲ့ (စစ်အုပ်စုဝင်တွေက ဘောလုံးဂျာနယ်တွေမှာ ရှယ်ယာလည်း ၀င်ပါကြတာကိုး)။

ဒါပေမယ့် အခုတော့ နအဖလည်း ကိုယ့်ရှူးကိုယ်ပတ်မလိုဖြစ်နေပြီလို့ ပြောရမယ်ထင်တယ်။ ပြည်သူတွေ အာရုံပြောင်းအောင်ဆိုပြီး တိုင်းပြည်အခြေအနေ မကောင်းတဲ့ကြားက ခေတ်ပျက်သူဌေးတွေကို ဘောလုံးကလပ်တွေ အတင်းထောင်ခိုင်းပြီး ကျင်းပခဲ့တာ အခုဆိုရင် ဗထူးကွင်းမှာ အဓိကရုဏ်းဖြစ်လိုက်၊ သုဝဏ္ဏကွင်းမှာ ပြဿနာဖြစ်လိုက်နဲ့ ပေါက်ကွဲမှုတွေကတော့ စတင်လာပါပြီ။ နအဖက မရဲဘဲ ကျွဲပြဲစီးပြီး ပရိသတ်တယောက် စစ်သား၊ ရဲသားတယောက် နှုန်းလောက်နဲ့ လုံခြုံရေးချ ကျင်းပနေရချိန်မှာ အခြားသော အထွေထွေအကျပ်အတည်းတွေကလည်း တနေ့တခြား ကြီးမားလာတဲ့အတွက် ဘောလုံးပွဲကစတင်တဲ့ မီးပွားနဲ့ပေါင်းပြီး ဆန့်ကျင်အုံကြွမှုတွေ ဖြစ်ဖို့အလားအလာလည်း မြင်တွေ့နေရပါပြီ။

အဲဒီလို ဘောလုံးပွဲကနေ စတင်တဲ့ ဆန့်ကျင်အုံကြွမှုတွေကနေ မြန်မာပြည်သူကို နည်းမျိုးစုံနဲ့ ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချနိုင်ခဲ့ရင်ဖြင့် ဘောလုံးကိုပဲ ကျေးဇူးတင်ရမလို ဖြစ်ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နအဖက ဘောလုံးကို နိုင်ငံရေးထောင်ချောက်သဖွယ် အသုံးချပြီး လူထုကို လမ်းလွှဲခဲ့ပေမယ့် ထိုဘောလုံးကပဲ စစ်အာဏာရှင်ပြုတ်ကျရေးဆီကို သွယ်ဝိုက်တဲ့နည်းနဲ့ ပို့ဆောင်ပေးနေတာကြောင့် ကျေးဇူးတင်ရခြင်းဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။