ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄)

(၁)
မနှစ်က နော်ဝေနိုင်ငံ အော်စလိုကို ရောက်တယ်။ နှင်းတောင်ပေါ်ကို တက်ခဲ့တယ်။ နေရီရီတောင်မှ ပီပီ မလင်း၊ အလင်းဖြန့်ပေမယ့် နှင်းနံ့ကလေးတသင်းသင်း။

မေဘယ်လ်ပင် အရွက်ကြွေထားလို့ ရိုးတံပြိုင်းပြိုင်း၊ ထင်းရူးပင်ပေါ်မှာ နှင်းခဲတွဲလျား၊ လမ်းပေါ်မှာ နှင်းဖွဖွတွေက ကျောက်သားသလင်းရောင်၊ ခြေချော်လဲမှာစိုးရ။

ငါတည်းဟူသောအညာသား၊ နှင်းကြားထဲမှာ အရည်ပျော်ပြီး အော်စလိုက ပျောက်သွားလေမလား၊ စိုးတထင့်ထင့်။

(၂)
တနေ့သား ဒီမိုကရက်တစ်မြန်မာ့အသံကအပြန်၊ ဖိုးခွားခေါ် စောနယ်လ်ဆင်ကူး၊ ကျော်မိုး၊ မောင်တူးတို့နဲ့ အတူ အော်စလိုဆိုင်တန်းတွေဝင်မိတယ်။ ပါကစ္စတန်ဆိုင်က ခပ်များများ။

ဒီကြားထဲ ထိုင်းဆိုင်တဆိုင်တွေ့တော့ ၀င်တယ်။ ငပိ ငံပြာရည် ရနိုင်သတဲ့။ ဖိုးခွားကဦးဆောင်ပြီး
ဈေးဝယ်ကြတယ်။ အဲဒီထိုင်းဆိုင်မှာ တမာခက်ကလေး။

အို … ငါအံ့သြသွားမိတယ်။ တမာ … တမာ … တို့အညာကလာတဲ့ တမာ။ ဆွေမျိုးရင်းချာ။ ငါမှတ်မိတာပေါ့။ သူကလဲ ဘောင်းဘီဝတ်အညာသားကို ခပ်စိမ်းစိမ်းကြည့် အကဲခတ်လို့။ ၀မ်းသာအားရ။

တမာခက်စိုစိုနဲ့ အညာတက္ကသိုလ်ကို လွမ်းလိုလွမ်း၊ ရွာအ၀င်လမ်းက တမာပင်တန်းကလေးကို သတိရလိုရ၊ ဖရိုက်ဒါလမ်း၊  အိမ်နံပတ် ၁၂ (ခ) ရောက်တော့ အညာတမာခက်ကလေးက ငါတို့နဲ့အတူပါလာပြီ။
ဒီလိုကဗျာလေးတပုဒ်ဖွဲ့မိတယ်။

(၃)
ဖွဲ့မိတဲ့ကဗျာလေးကို ပြရဦးမယ်။ ကဲ … ဒီမှာ။

အညာကျေးလက်က
တမာမွှေးတခက်သို့

အညာက တမာဖူး
နှင်းရည်ကလေး
တစက်နှစ်စက်လူးလို့
ကြည်နူးစရာ
အော်စလိုရောက်လာတယ်။

အော်စလို တရုတ်တန်း
ထိုင်းဈေးခန်းက … တဲ့
မျက်နှာပန်းပွင့်ပွင့်နဲ့
လည်တိုင်ကလေးပင့်လို့
အသိတွေကို မျှော်လင့်နေရှာသတဲ့။

“အညာတမာ၊ ၀ါတာတာ
ရသာခါးခါး၊ ငါမစား” လို့
တအားကုန်အော်ပြီး
ပျော်ခဲ့ရတဲ့သူငယ်တန်းကလေးကို
ငယ်သွေးပေါ်ကာ လွမ်းမိတယ်။

ဦးသိန်းဖေမြင့်ရဲ့
ဘုတလင်အညာလမ်းက
တမာတန်းက
တမာပွင့်ကလေးတွေ သတိရ
စူးရှတဲ့
တမာနံ့ ခါးသင်းသင်းကလေးကို
သွားရင်းပဲ လွမ်းမိတယ်။

ရွာအ၀င်လမ်း တမာတန်းမှာ
ဘဂျမ်းဈေးအရောက်
မြွေလိမ်မြွေကောက် ပြေးတမ်း
စိမ်ပြေးတမ်းကစား
တမာပင်အောက် တထောက်နား
နောက် … ကာလသားဘဝ
နွားမောင်း လှည်းမောင်း
ဆင်ထဲဝ သဲချောင်းအထိ
ပြန်ပြောင်းလွမ်းမိတယ်။

တမာခက်ကလေးရေ …
အညာဘက်မှာ မစားလောက်လို့
ရေမိုးမှန်မှန် မသောက်ရလို့
တောခြောက် ယာခြောက်
မြက်ပါခြောက်လို့
ပြည်ပရောက်လို့ လာရော့သလား။

မင်းနဲ့ငါက
အညာသဲကြားက တရွာထဲသား
ယာထဲမှာ ကြားကြားသမျှ
စကား၀၀ပြောစမ်းပါ။

တို့ရွာမှာ မစားလောက်
နွားပေါက်ကလေးတောင် နို့မဝ
မြို့ကလာတဲ့ ဗိုလ်ကြီးတသိုက်ကို
လှည်းတိုက်လို့မောင်းပေးရ
ချောင်းနံဘေးကျတော့ ထန်းရေသောက်
တရွာလုံးကြောက်နေရသတဲ့လား။

ကျောင်းဆရာ ဆရာတိုးကိုလဲ
ရွာရိုးကိုးပေါက်
အိမ်ပေါက်စေ့လျှောက်ပြီး
မကြောက်တရား
ဟောရကောင်းလားဆိုပြီး
ဖမ်းလားဆီးလား၊ မဟားတရားနဲ့
ကျောင်းတံခါးကိုတောင်
ပိတ်ထားရသယ်ဆို။

ကျောင်းတံခါးပိတ် ခြံတံခါးပိတ်
ဆံမြိတ်တိုကလေးတွေတောင်
အရိပ်ခိုစရာမရှိ။

ရွာလူကြီးတွေက ထင်ရာစိုင်း
ရွာသားတွေကိုတော့
အတွင်သာခိုင်းသတဲ့
သည်အတိုင်းဆိုရွာပျက်ပြီဟဲ့။

ရွာပျက်ရင်ငါရှက်တယ်တော့
တမာခက်ဆိုတာ ရွာရဲ့အသက်ပေါ့
ငါလဲ စိတ်ပျက်လက်ပျက်နဲ့
ရုတ်တရက်မို့
နှုတ်တောင်မဆက်ခဲ့နိုင်ဘူး
ထိုင်းရွာဘက်ထွက်အလာ
ငါ့မျက်နှာကိုမြင်တော့
ခင်ကြမင်ကြခေါ်ကြတာနဲ့
သည်မှာ အခုလိုရောက်လာရဆိုပဲ။

အညာကျေးလက်က
တမာမွှေးခက်ကလေးရေ …
ဘာကမှ သွေးပျက်မနေနဲ့
ငါထွေးဖက်ပြီး နင့်ကို ဂရုစိုက်မယ်
ငါပြန်ရင် နင်လိုက်ခဲ့နော်။

နင်နဲ့ ငါ ရွာအတူပြန်မယ်
ချောင်းယံမှာ
ဒေါင်းလံလွှင့်ကြပါစို့ကွယ်။     ။
တင်မိုး

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၂)၊ ဇန်န၀ါရီ ၂၀၀၁


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook