ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၅)

၁။
အင်း … ဘာလိုလိုနဲ့ အသက် (၇၀) ပြည့်တော့မှာပါကလား။ အသက်ကြီးတော့လဲ အဖိုးကြီးဖြစ်ရ တော့မှာပ။ မဖြစ်ချင်လို့လဲ မနေရ။ ပွင့်လာရင် ကြွေရမှာ ဓမ္မတာပါပဲ။

အသက် (၇၀) စစ်တမ်းထုတ်ကြည့်တော့ ဘာကိုမှလဲ ဟုတ္တိပတ္တိ မလုပ်ခဲ့ရသေး။ ကဗျာလိုလို တထွာတညှိုနဲ့ပဲ ဇရာအိုစာရင်းပေါက်ချေပြီ။ အသက်ကြီးလာတော့ အသီးအပွင့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကိုယ့်ချည်တိုင်မှာ မြဲမြဲချည်ပြီး စိတ်ကြည်လက်အေး ဖင်တနွေးစာမျှ နေခွင့်မရ။ ဟိုပြည်ပြေး၊ သည်ပြည် ပြေးနဲ့ “ပြည်ပြေးစာဆို ဇရာအို” မျှ ဖြစ်ခဲ့ရလေပြီ။

၂၀၀၃ ခုနှစ် နိုဝင်ဘာ (၁၉) ရက်ဆိုရင် မွေးနေ့ (၇၀) ပြည့်။ အိုခြင်းဟာလဲ ရင့်ကျက်ခြင်းတမျိုး။ မင်္ဂလာတပါးလို့ ဆိုရမည်ပ။ အိုကံကောင်းလို့ ဆိုနိုင်ပါရဲ့။

(၂)
အိုတော့ အိုပြီ။ ဘယ်လိုအိုမလဲ။ အအိုတတ်ဖို့ လိုအပ်လှပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ တိုင်းပြည်ငြိမ်းချမ်းရေးရအောင် တသက်လုံးဟောပြော၊ ဆုံးမ၊ လမ်းပြခဲ့တယ်။ အသက် (၉၀) နီးပါး ရောက်တဲ့အထိ မနားမနေ ကြိုးပမ်းခဲ့တယ်။ ဆရာကြီးဦးဖေမောင်တင်လဲ (၈၅) နှစ်ခန့်အထိ ဗုဒ္ဓတရား တော်တွေကို အင်္ဂလိပ်ဘာသာပြန်ဆိုရင်း အချိန်ကိုတန်ဖိုးရှိရှိ အသုံးချခဲ့တယ်။ ဆရာဇော်ဂျီဆိုရင်လဲ
(၈၅) နှစ်ခန့်မျှ ဗေဒါလမ်းကဗျာ၊ ပုဂံကဗျာစုများသီကုံးရင်း နှလုံးမြတ်အရင်းခံနဲ့ ပလေးတိုးနိဒါန်းကို မြန်မာပြန်ခဲ့တယ်။ ဆရာမင်းသုဝဏ်ကတော့ အခုထက်ထိ ဘသက်ရှည်ပါပဲ။ အသက် (၉၅) ခန့်ရှိပြီ။ နိုင်ငံရဲ့လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် တတပ်တအား ပါဝင်ထမ်းရွက်တုန်းပါပဲ။ လူထုဒေါ်အမာဆိုရင်လဲ အသက်က (၉၀) နားနီးနေပြီ။ ကလောင်မချတမ်း စာရေးနေတုန်း၊ အတွေး အခေါ်တွေ ထွန်းပြနေတုန်းပါပဲ။

ဒီလို အအိုလှလှနဲ့ ဘ၀ကို တန်ဖိုးရှိရှိနေကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ အများသား။ ရင့်ကျက်တဲ့ အသိပညာတွေ ဖြန့်ဝေနေကြတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းလို၊ ဆရာပါရဂူလို ရှစ်ဆယ် ကျော်ဆရာကြီးများလဲ မနည်းလှပေဘူး။

အိုကြီးအိုမတိုင်အောင် ဒုက္ခတွေပေးခဲ့တဲ့ပုဂ္ဂိုလ်တွေလဲ အထင်ကရပါ။ ဦးနေ၀င်းဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီး ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရုပ်သိမ်းပြီး စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ထိန်းသိမ်းမွေးမြူခဲ့တဲ့အတွက် တိုင်းပြည်တပြည်လုံး ကြိမ်မီးအုံးထားသလို ညှိုးချုံးပူဇာဝေဒနာခံစားခဲ့ရတဲ့ သမိုင်းလဲအရှိ။ ယခုထက်ထိ သူမွှေးခဲ့တဲ့မီး၊ သူပျိုးခဲ့တဲ့ စနစ်ဆိုးကြောင့် မြန်မာနိုင်ငံဟာ နာလန်မထူနိုင်ဘဲ ပက်လက်လန် ဂျွမ်းပြန်ကျ နေဆဲဆိုတာ ဘယ်သူမှမမေ့ပါ။ ဦးနေ၀င်းဟာ အသက် (၉၃) နှစ်ထိအောင် နေသွားခဲ့ပါတယ်။ ဒါပေမယ့် သူပျိုးထောင်ခဲ့တဲ့ စစ်မျိုးဆက်က သူ့အမွေဆိုးကိုဆက်ခံပြီး ဒုက္ခပေးလျက်ရှိတုန်းမို့ ဒီအဖိုးကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေက သစ်လွင်လတ်ဆတ်ဆဲ ရှိပါသေးတယ်။ မေ့ကောင်းဖွယ်မရှိပါ။

(၃)
အဖိုးကြီးတွေရဲ့သဘာဝကို စဉ်းစားခန်းဝင်မိတယ်။ စရိုက်အမျိုးမျိုးနဲ့ အမိုက်အိုးတွေလဲတွေ့ရဲ့။ လေးစားဂုဏ်ယူဖွယ်ရာ သီလ၊ သမာဓိ၊ ပညာနဲ့ပြည့်စုံတဲ့ “အဖိုးကြီး” တွေလဲတွေ့ရဲ့။ အခုကဗျာကတော့ “အဖိုးကြီးစစ်တမ်း” ကဗျာပါ။ ဖတ်ကြည့်ပါဦး။

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက်အောက်စကားတွေတပြောပြောနဲ့
တသောသောနေပြီး
အမောဖြေတတ်တဲ့အဖိုးကြီး။

သေရိပ်နီးခါမှ၊ စိတ်ပုတီးနာနာကိုင်
မဟာမြိုင်တောရမှီးပေမယ့်
ဒေါသကလဲကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့အဖိုးကြီး။

ရွာလယ်မှာ စွာကျယ်စွာကျယ်နဲ့
ငါဟယ်မင်းဟယ် ငြင်းမယ်လို့မကြံနဲ့
မင်းတို့ကမမှန် ငါသာလျှင်အမှန်လို့
ငါမာန်တွေတက်၊ ငါအရိုးမျက်လက်တို
အခက်ပို အမျက်သိုနေတဲ့အဖိုးကြီး။

ဒီလိုအဖိုးကြီးမျိုးတော့
ဆောရီး ဆောရီး မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့သစ်သီးလို
အသက်ကြီးတော့လဲ
အဖိုးကြီးဖြစ်မှာပေါ့လေ
ဒါပေမယ့် ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ်ကိုယ်ဆင်း၊ ကိုယ့်ယာခင်းကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှမကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲမပြတ်၊ ကဗျာတွေလဲဖတ်
ရပ်သူရွာသားတွေနဲ့
ထပ်တူမခြားနေတတ်တဲ့
စရပ်ငုံးတို တာတမံခရိုးအနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန်အဖိုးကြီးပဲ
ဖြစ်ချင်တယ်။

အထက်ပါကဗျာထဲကအတိုင်း သာမန်လူသားမျှသာဖြစ်တဲ့ လောကချစ် လူသားချစ်အဖိုးကြီးတယောက် ဖြစ်ခွင့်ရရင်ကိုပဲ ဆုကောင်းလာဘ်ကောင်းရသလို လောကမှာ နေပျော်လှပါပြီ။ ဘာကို မက်မောနေမလဲ။ ဘာကိုတွယ်တာနေမလဲ။ ဘာကို တပ်မက်နေဦးမလဲ။

အသက်ကြီးပြန်တော့ တန်ဖိုးရှိရှိ အိုနည်းကလေးတွေးပြီး ကဗျာကလေး ဟိုရေးဒီရေး ရေးမိပါရဲ့။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၆)၊ နိုဝင်ဘာ ၂၀၀၃


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook