ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၂)

၁။
ထန်းရိပ်ညိုညိုနဲ့ လွမ်းစိတ်ပိုဖွယ်ကောင်းလှတဲ့ ကာလီဖိုးနီးယားကို လက်ပြနှုတ်ဆက်ရင်း ဥရောပ တိုက်ဘက်ဆီသို့ ခရီးထွက်ခဲ့ပြန်ပါတယ်။

“ဘ၀သံသရာ .. ရှည်လျား .. ထွေပြား .. မနေမနား .. တသွားထဲသွားကြတာ ..” တဲ့။ ဆရာကြီး ဦးသုခရဲ့ “ဘ၀သံသရာ” တေးသွားကလေးကို ကျွန်တော်ဟာ ရေးလက်စ ကဗျာစာအုပ်ကလေးကို ခဏအနားပေး၊ “ထန်းရိပ်ညို” လွယ်အိတ်ကလေးထဲမှာ ကဗျာစာအုပ်နှစ်အုပ်ရယ်၊ ဒစ်ဂျစ်တယ်ကင်မရာတလုံးရယ်၊ ဆိုနီလက်ကိုင်အသံဖမ်းစက်ကလေးတလုံးရယ်ထည့်ပြီး လော့စ်အိန်ဂျယ်လိစ်လေဆိပ်က ထွက်လာခဲ့ပါ တယ်။ မေလ (၂၁) ရက်နေ့ မနက်ကိုးနာရီမှာထွက်မဲ့ ကွန်တီနင်တယ်လေကြောင်းပိုင် လေယာဉ်ပျံပေါ် တက်ခဲ့တယ်။

ပစိဖိတ်သမုဒ္ဒရာ လှိုင်းပြာပြာနဲ့ တောင်တန်းပြာပြာ လွမ်းစရာတွေကို တငေးငေးပြီး အတွေးတစ တိမ်လွှာကြွတဲ့နောက် တကောက်ကောက်လိုက်ရင်း ဘယ်လ်ဂျီယမ် ဘရပ်ဆဲမြို့တော်ဆီသို့ ဦးတည်ပျံသန်းခဲ့ပါတယ်။

(၂)
လေယာဉ်ကြီးက တိမ်လိပ်တိမ်လွှာတွေကြားထဲ တိုးဝင်ဖြတ်သန်းနေစဉ် ကျွန်တော်ကတော့ လွန်ခဲ့တဲ့ သုံးလေးရက်က လော့စ်အိန်ဂျလိမှာရှိတဲ့ ယူနိုကယ် အမေရိကန်ရေနံကုမ္ပဏီရုံးချုပ်ရှေ့က လမ်းမကြီး ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ကိုင်ဆောင်ပြီး ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီဘက်တော်သား ရဲဘော်များရဲ့ ရုပ်ပုံလွှာကို မြင်ယောင်နေပါတယ်။ တက်ကြွတဲ့မျက်နှာ၊ ထက်သန်တဲ့မျက်လုံးတွေနဲ့ လက်ရုံးတွေဆန့်တန်းနေကြတာကို အာရုံရောက်နေမိတယ်။

ဒီရဲဘော်တွေဟာ အကြောင်းအားလျော်စွာ အမေရိကန်မှာနေ၊ ကိုယ့်ဝမ်းစာရှာဖွေစားသောက်နေရပေမဲ့ အမိနိုင်ငံကိုမမေ့ကြ။ အမိနိုင်ငံရဲ့ စစ်ဖိနောင့်အောက်က ဒဏ်ရာတွေကို မြင်ယောင်နေကြတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်တွေဆိတ်သုဉ်း၊ လူ့အခွင့်အရေးတွေဆုံးရှုံးနေတာကို ခံစားရင်နာ နေကြတယ်။ စစ်အာဏာရှင်တွေ သက်တန်းရှည်ကြာစေမဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက် နေကြတယ်။ မြန်မာစစ်အုပ်စုတွေကို သက်ဆိုးရှည်စေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန်းကရပ်အောင် တိုက်ပွဲဝင်နေကြတယ်။ လော့စ်အိန်ဂျလိနဲ့ ဆန်ဖရန်စစ္စကိုက ကယ်လီဖိုးနီးယားရောက် မြန်မာနိုင်ငံသား တွေစုရုံးပြီး အိုးစည်ဗုံမောင်းသံတညံညံနဲ့ ခွပ်ဒေါင်းအလံ တလူလူလွှင့်ထူရင်း တိုက်ပွဲအရှိန်တိုးမြှင့်ခဲ့ကြ တယ်။ အကြောင်းဆိုက် ခေါင်းကိုက်လို့မှမနား၊ သောင်းထိုက်ကကြားစေတော့။

ကိုယ့်ပြည်တွင်းက သတင်းတွေမျှော်လိုက်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်၊ ချင်း၊ ကချင်၊ မြန်မာပြည်ရွာအနှံ့ ခရီးဆန့်ပြီး ခြောက်လှန့်မှု၊ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး အောင်လံကိုင်တိုက်ပွဲဝင်နေပုံများ အားရဖွယ်၊ ကျေနပ်ဖွယ်၊ တက်ကြွဖွယ်ပါတကား။

တိုင်းရင်းသားပြည်သူတွေရှိရာကို အရောက်သွားပြီး တိုင်းရင်းသားပြည်ထောင်စုသားတွေရဲ့ နှလုံးခုန်သံ ရင်ခုန်သံတွေကို ခံစားနားထောင်၊ လူထုကိုအလင်းရောင်ထွန်းညှိပေးနေတဲ့ လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့လမ်း၊ ရောင်နီတွေသန်းစပြုနေပြီ။

အဓမ္မဘက်တော်သားတွေရဲ့ ဟန့်တားတဲ့လက်တွေကို လူထုအားနဲ့ချိုးဖျက်ထွင်းဖောက် တနေ့နေ့ အလင်းတောက်စေဖို့ မကြောက်မရွံ့ စွန့်စွန့်စားစား ချီတက်ဦးဆောင်သွားတဲ့ ဒေါ်စုရဲ့လုပ်ရပ်ကလည်း အတ္ထုပ္ပတ်မော်ကွန်းတင် ရာဇ၀င်ပြောင်ပါပေ့။

လူထုဘက်က နေမလား။ လူထုဆန့်ကျင် စစ်အာဏာရှင်တွေဘက်က နေမလား။ ဘီလူးစည်း၊ လူ့စည်းခြားရတော့မဲ့အချိန်၊ “အရေးကြီးပြီ သွေးစည်းကြစို့” လို့ ကြွေးကြော်ရမဲ့အချိန်။

“ဗိုလ်ချုပ်အောင်ဆန်း လျှောက်သောလမ်းက
အောင်ဆန်းစုကြည်၊ ဇာနည်သမီး ရှုမညီးက
ထိန်ညီး၊ ထွန်းပြောင်
ဒီမိုကရေစီအောင်လံကို ကိုင်ဆောင်လျက်
တောင်ပေါ်မြေပြန့် ထက်အောက်နှံ့အောင် တပ်လှန့်တိုက်ပွဲဝင်နေပြီ။”

(၃)
လေယာဉ်က မြေပြင်ပေါ်သို့ အိခနဲ ကျွိခနဲ ထိုးဆက်လိုက်တယ်။ နယူးဂျာစီပြည်နယ်က နယူးဝပ်လေဆိပ်။ ဒေသစံတော်ချိန် ညနေ ၅း၂၀ နာရီ။

ဒီမှာ ဘရပ်ဆယ်သွားမဲ့လေယာဉ်ကို ပြောင်းစီးရမယ်။ ခရီးတထောက်နားမယ်။ ည (၇) နာရီထွက်မယ်။

ထန်းရိပ်ညိုလွယ်အိတ်ကို ပုခုံးချိတ်ပြီး လေဆိပ်ထဲမှာခဏနား၊ ဟိုသွား ဒီသွား လျှောက်လို့သွား။

လေယာဉ်ကုမ္ပဏီရဲ့ကောင်တာနား၊ ရစ်သီရစ်သီတလွှားလွှားး။ ဟော … ထန်းရိပ်ညိုလွယ်အိတ် ဘယ်နားမှာငါထား။ သတိတချက်အလစ် လွယ်အိတ်ကလေး ပျောက်ဆုံးသွားပါကလား။ ငါ့ကဗျာတွေ ပါသွားပါတကား။

မတတ်နိုင်ပြီ။ လေယာဉ်ပန်ကာက တ၀ီဝီ။ ခရီးထွက်တော့မည်။ ကဗျာတရာကျော် လေယာဉ်ပေါ် မတက်လာနိုင်တော့ပါတကား။

(၄)
ကိစ္စမရှိ။ ငါ့နှလုံးသား၊ ငါ့ဦးနှောက်များရှိ။ သည်တော့ အဟောင်းပျောက်လည်း ဦးနှောက်နဲ့နှလုံးသားက ကဗျာတွေ အသစ်မွေးဖွားလိမ့်မယ်။ ငါ့ခွန်အားတွေ အမြဲရှိ။ ငါဖန်တီးနိုင်၏။

“အဟောင်းပျက်မူ အသစ်ပြူရ၊ ဖြစ်ကုန်ကြလော့ …” တဲ့ ဆရာဇော်ဂျီရဲ့ ကဗျာသံ ပြန်လည်ကြားယောင်မိ။ လိုအပ်တာက စွန့်လွှတ်ရဲ၊ ဖန်တီးရဲတဲ့သတ္တိ။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၁)၊ ဇွန် ၂၀၀၃


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook