ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၀)

၁။
“စံပယ်ပန်းထဲမှာ ရနံ့ဘယ်သူထည့်သလဲ။
ဒဏ္ဍာရီထဲက နတ်သမီးလားမှမသိဘဲ”

ဒီလိုစကားပြေနဲ့ရေးတဲ့ ကဗျာကလေးတွေကို ၁၉၆၃ ခုနှစ်ထုတ် “လှေတစင်းနဲ့ သီချင်းသည်” ကဗျာစာအုပ်ထဲမှာ ရေးခဲ့ဖူးပါတယ်။ တဂိုးရဲ့ ဆန်းစသော်တာ၊ ဂီတဉ္ဇလီ၊ သစ်သီးကောက်၊ ရွှေနာဝါ စတဲ့မြန်မာပြန်ကလေးတွေကိုမှီးပြီး ကိုယ်ပိုင်စိတ်ကူးကလေးတွေ စမ်းသပ်ရေးမိခြင်းဖြစ်ပါတယ်။

ဒီကဗျာစုတွေထဲမှာ “ပရစ်ကောက်” ဆိုတဲ့ ကဗျာကလေးကိုတော့ လူတွေအကြိုက်များခဲ့တာ သတိရမိတယ်။

ဒု-ကမ္ဘာစစ်အပြီး လွတ်လပ်ရေးခေတ်ဦးမှာ မြန်မာကဗျာကလေးတွေ အသွင်ပြောင်းစပြုလာတာ တွေ့ရတယ်။ တင်းကျပ်မွန်းအိုက်နေတဲ့ (၄-၃-၁) ကာရန်စည်းကို တဖြည်းဖြည်းချိုးဖောက်စပြုလာတယ်။

“ပင်လယ်ဝကို လှေကလေးနဲ့ထွက်ခဲ့တယ်” ဆိုတဲ့ ဒဂုန်တာရာရဲ့ ကဗျာဟန်ဟာ သမားရိုးကျ ကဗျာအသံမဟုတ်ပေဘူး။ “တဟီတီသွားရအောင်” ဆိုတဲ့ကဗျာမှာ …

“ဘဲ့နဲ့လဲ မေ
လူထဲ သူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲလွတ်ရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မည်ပြောစမ်းပါ့” ဆိုတဲ့ အဖွဲ့ကိုကြည့်။ လွတ်လပ်ပြီး ရင်းနှီးတဲ့ စကားပြောလေသံနဲ့ ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။

စစ်ပြီးခေတ်မှာ ထုတ်ဝေခဲ့တဲ့ “တာရာ” မဂ္ဂဇင်းဟာ စိတ်ကူးသစ်၊ ရေးဟန်သစ်ကို ရှေ့တန်းတင် နေရာ ပေးခဲ့တယ်။ အမျိုးသားလွတ်လပ်ရေးရဲ့လက္ခဏာ၊ လွတ်လပ်ပွင့်လင်းလာတဲ့ ယဉ်ကျေးမှုသစ်ရဲ့ သင်္ကေတလို့ဆိုရပေမယ်။

ကဗျာဆရာမ “ကြည်အေး” ရဲ့ “တစ္ဆေ” ကဗျာဟာ အဲဒီခေတ်က ဂယက်ရိုက်ခဲ့တဲ့ ကဗျာတပုဒ်ပေါ့။

“ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
အိပ်ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိတ်စိတ်ညစ်တယ်
သတိပြယ်လွင့်၊ ခိုတွယ်စရာ
အတည်မကျ” တဲ့။

ကျွန်တော် ၁၉၆၀ တ၀ိုက်ကပေါ်ပေါက်ခဲ့တဲ့ ကဗျာဆရာအုပ်စုထဲမှာ တဦးအပါအ၀င်။

ကဗျာဆိုတာ အသစ်ကိုရှာဖွေခြင်း၊ ဖန်ဆင်းခြင်း၊ စွန့်စားခြင်းလို့ ခံယူထားသူတွေ။ ဒီတော့ ကဗျာ ရေးဟန်၊ တွေးဟန်သစ်တွေကို စူးစမ်းမိကြတာ မဆန်းပါဘူး။ လူငယ်သစ်တွေရဲ့ နယ်သစ်ရှာလိုတဲ့ လက္ခဏာတခုသာ။

နောင်အခါ “ကာရန်မဲ့ကဗျာ” တို့၊ “လွတ်လပ်ကဗျာ” တို့ဆိုတဲ့ အသံတွေဟာ စာဆိုတော်ပွဲသဘင်တွေမှာ ငြင်းသံ၊ ခုံသံ၊ ဆွေးနွေးသံတွေနဲ့ စီစီညံလာခဲ့ပါတယ်။ ကဗျာလောကမှာ တော်လှန်၊ မော်ဒန် စသဖြင့် အသစ်အသစ်တွေကို အငမ်းမရရှာဖွေလာကြတာ သတိပြုမိကြမှာပေါ့။

(၂)
၁၉၆၇ ခုနှစ်က ကျွန်တော်ဟာ ရေးချင်စိတ်ရှိလို့ စကားပြေနဲ့ရေးတဲ့ကဗျာကို ရေးသားထုတ်ဝေ ခဲ့ဖူးပါတယ်။ “ပိတောက်မှ သရဖီသို့” ဆိုတဲ့စာအုပ်ကလေးပါ။ ၁၂ ရာသီဖွဲ့စာတမ်းပါပဲ။ တလကို (၄) ပုဒ်ကျဖွဲ့ပါတယ်။ အတွေးစကလေးတွေ ပန်းပွင့်သီသလို သီကြည့်မိပါတယ်။ အင်္ဂလိပ်စာဆို Patience Strong  ရဲ့ Through the year (နှစ်လုံးပေါက်) ဆိုတဲ့ စာလှလှကလေးတွေရဲ့ သြဇာအရိပ်ပါချင်လဲ ပါမယ်ထင်တယ်။

အဲဒီစာအုပ်ကလေးကို ကဗျာချစ်သူ၊ စာချစ်သူတွေက နှစ်သက်လက်ခံကြတာကို တွေ့ရပါတယ်။ ဒီလိုစာအမျိုးအစားကလေးတွေ ရေးဦးမယ်လို့ကြံစည်ပေမဲ့ မအောင်မြင်ပါဘူး။

၁၉၉၅ ခုရောက်တော့ ကျွန်တော်လဲ အင်းစိန်တောရ နိဗ္ဗိန္ဒစခန်းကအပြန် ရေးချင်စိတ်ပေါ်လာပြန်တာနဲ့ စာအုပ်ကလေးတအုပ် ရေးပြန်ပါလေရော။

“သစ်ရွက်ကြွေပေါ်မှာ ရေးတဲ့မှတ်တမ်း” တဲ့။

ထုံးစံအတိုင်း စာမူကို ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးကိုတင်ရတယ်။ ခွင့်ပြုမိန့်တောင်းရတယ်။ ထုတ်ဝေခွင့်မပြုလို့ အခုထက်ထိ ထုတ်ဝေခွင့်မရပါဘူး။ ကျွန်တော် ၁၉၉၈ ခုနှစ်မှာ ရေးမိတာကလေးကို မြည်းနိုင်အောင် တင်ပြလိုက်ပါတယ်။

(၃)
ဒီစာစုကလေးကို “ကဗျာမမည် စာမမည်” လို့ ဆိုချင်လဲဆို၊ “စာပန်းချီ” လို့ပဲခေါ်ချင်ခေါ် ကြိုက်သလို ခေါ်ပိုင်ခွင့်ရှိပါတယ်။ ဆရာ ဒဂုန်တာရာကတော့ “လှပသောစကားပြေ” တဲ့။ “နှင်းဆီပန်းကို ဘယ်လိုပဲခေါ်ခေါ် ရနံ့မွှေးမြဲမွှေးမှာပဲ” တဲ့။ ရှိတ်စပီးယားက ဆိုခဲ့ပါသကော။ စာဖတ်သူ လေ့လာဆုံးဖြတ် အကဲခတ်၊ ပွဲဖြတ်စေဖို့ အခုလိုတင်ပြလိုက်ပါတယ်။

(၁) လမီးအိမ်နှင့် ညကမ္ဘာ

ညသည် လမီးအိမ်ကလေးကို ချိတ်ဆွဲပြီး
မရဲတရဲလင်းချိန်ဖြစ်သည်။
ည၏အလှအပတို့က ဖရိုဖရဲဖြစ်၊
ဝတ်လစ်စလစ်ကျင်းကာ လေညင်းခံလျက်ရှိသည်။
မအူပင်ကိုင်းဖျားက တိမ်အနားသတ်မျဉ်းက
သင်္ဘောပုံရွက်လွှင့်လျက်။
အာရုံနိုးနေ၍ အိပ်ချင်ပိုး ပုန်းနေရသော
ကဗျာဆရာအဖို့ ညကမ္ဘာတွင်
တယောက်တည်း ရွှင်မြူးနေမိသည်။
တွတ်တီးတွတ်တာ တေးကဗျာဆိုတတ်သော
ငှက်ကလေးတို့သည် အိပ်ပျော်နေကြပြီ။
ကဗျာဆရာနှင့်အတူ နိုးကြားနေသူမှာ
စမ်းချောင်းကလေးပင်ဖြစ်သည်။
သူကား အိပ်သည်ဟူ၍မရှိ။
နေ့နှင့်ညကိုပင်ခွဲခြား၍ သိအံ့မထင်။
သူ့သံစဉ်ကလည်း အမြဲရွှင်နေသည်။
သံစဉ်ထပ်နေသော်လည်း ငြီးငွေ့ဖွယ်မရှိ။
တေးဆိုသူနှင့် နားဆင်သူ နှစ်ဦးသာရှိသော
ဤညကို ငုံကြည့်နေသူမှာ
လမီးအိမ်ကလေးသာ ဖြစ်ချိမ့်မည်။
တေး၏အနက်အဓိပ္ပာယ်ကား
သိလွယ်သည်လည်းမဟုတ်။
အနက်ငုပ်သည်လည်းမဆိုသာ။
ချစ်ဖွယ်ကောင်းသည့် ညကမ္ဘာ။

(၂) မုသားစောင်းသံ

မုသားများဖြင့် သုတ်လိမ်းထားသော
စောင်းကြိုးကို တီးခတ်အံ့သောငှာ
ကြေးစားစောင်းသမားသည်
လက်သံစမ်းကြည့်၏။
ပိုးကြိုးနှင့်ကျစ်ထားသော စောင်းကြိုးမှ
ကလိမ်ကကျစ်တေးတစ လျှောကျလာခဲ့၏။
မာယာနှင့်ဖုံးအုပ်၍ သစ္စာရုပ်ဆင်
ထားလင့်ကစား ညှိထားသောအသံ
မမှန်မကန် ထွက်လာသည်ကို နားဆင်
ကြရသော ပရိသတ်သည် မျက်တောင်မျှမခတ်။
ရင်မျှလည်းမသပ်၊ လျှပ်ပေါ်လော်လည်သည့်
တေးကို ငေးနေကြကုန်၏။
ဇာတ်ခုံ၏ရှေ့တန်းဆီမှ မုဒိတာသံ
မထွက်သော လက်ခုပ်သံအနည်းငယ်
ပေါ်ထွက်၍လာ၏။ “ရှက်ဖွယ်တကား …
ရှက်ဖွယ်တကား” ဟု နားထဲ၌
ကြားယောင်နေသောပရိသတ်ကား
မနေတတ် မထိုင်တတ်ဖြစ်ဘိ၏။
ထို့နောက် မြို့ဝန်မင်း၏ဆုငွေထုပ်ကို
ဒူးတုပ်လက်ခံသော စောင်းသမားသည်
ပရိသတ်အား ပြစားတီးခတ်ပြလေရာ မကြာမီ
ထောင်းခနဲ စောင်းကြိုးပြတ်လေသတည်း။
ပရိသတ်အား လှည့်စားအံ့ငှာ
အနုပညာ မာယာသုံးက
လူမုန်းများသောဟူ၏။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၈)၊ မတ် ၂၀၀၃


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo