ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂)

ကဗျာကိုဖတ်ရတာ ရသတမျိုးပဲ။ ကဗျာထဲက စကားလုံးကလေးတွေက ဘယ်စကားနဲ့မှ မတူဘူး။ လှနေတာကိုး။ “လ” လို့ ရိုးရိုးခေါ်တာ အသိသားပေါ့။ ဒါပေမယ့် “စန်း” တို့ “သော်တာ” တို့ “ပုဏ္ဏမီ” တို့ … စတဲ့ ကြွယ်ဝတဲ့ စကားလုံးကလေးတွေ ကြားရတော့ စိတ်ထဲမှာ ဆန်းသစ်သွားသလိုလို။

“စန်းယုန်ပွင့်ငယ်
လမ်းကြုံသင့်လျှင် ညာညာမယ်သို့
ချာချာလည် မင့်မောင်ရူးပြီလို့
တိမ်ဦး ဝေယန်စွန်းဆီက
တခွန်းသူ့ကို ပြောလိုက်ပါ
(စန္ဒာရယ်) မောလှပြီလို့” … ဆိုတဲ့ “စာရေးတော်ကြီး ဦးသာဇံ” ရဲ့ ကဗျာကလေးကို ဖတ်လိုက်ရတော့ မျက်ရည်ဝဲချင်သလိုလို၊ ရင်ဖိုချင်သလိုလို ခံစားရတယ်။

စကားလုံးတွေက အနက်တူပေမယ့် လှည့်စားတတ်တယ်။ ခံစားမှုကို နှိုးတတ်တယ်။ အာရုံတွေကို တိမ်းညွတ်စေတတ်တယ်။ ကဗျာထဲမှာ ပဉ္စလက်လို လှည့်လှည့်ဖြားဖြား ဖမ်းစားတတ်တဲ့ စကားလုံး လေးတွေပါတယ်။

ဒီလိုဆိုတော့ ကဗျာတွေကို မဖတ်ဘဲကို မနေနိုင်ဘူး။ စွဲလမ်းနေတော့တာပဲ။

“နွေမှာသစ်ရွက်တွေကြွေတယ်” ဆိုတဲ့ ရိုးရိုးစင်းစင်း အနက်ရိုးကို

“လေခ၊ မြေသက်၊ ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံး လင်းသား” … လို့  ရှင်ဥတ္တမကျော်က ဖွဲ့ပြ၊ နွဲ့ပြလိုက်တော့ နှစ်သက်လို့ မဆုံးနိုင်ဘူး။ ငြိတွယ်သွားတယ်။ သံယောဇဉ်ဖွဲ့မိသွားတယ်။ ပန်းချီကားတချပ်လို မြင်ယောင်သွားတယ်။ စိတ်ကိုရွက်ကြွေတွေနဲ့အတူ ခေါ်ဆောင်သွားနိုင်တယ်။ ဒီတော့ ဒီလှပတဲ့ ကဗျာပိုဒ်ကလေးဟာ ရင်ထဲက မထွက်တော့ဘူးပေါ့။

ကျနော်ငယ်ငယ်တုန်းက ဆရာမင်းသုဝဏ်ရဲ့ “သပြေညို” ကဗျာစာအုပ်ကလေးကို ဖတ်ရတယ်။ ခေါင်းအုံးအောက်ထားပြီး အမြတ်တနိုးဖတ်ရတဲ့ ကဗျာစာအုပ်ကလေးပေါ့။ အားတိုင်း ခဏခဏ ဖတ်ဖြစ်တယ်။ ဖတ်တိုင်း ကြည်နူးတဲ့အရသာကို ခံစားရတယ်။ ခံစားရတိုင်း ပြန်ပြန်ဖတ်တယ်။ ဒီတော့ ကဗျာလေးတွေက နှုတ်ဖျားမှာ ပျံဝဲနေတာပေါ့။

“ဆန်းစခါနွေ
သာတပေါင်းမို့၊ ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး ရွှေရေးလုတော့
ရတုအညီ
မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ၊ တီတာတာ
သည်ခါဓလေ့
နွေအကူး လေရူး ဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဖား မြီးဖျားလိုက်သို့
မြိုင်တိုက်စုံယံ ရွက်ဟောင်းပျံသော် …”

ဒီကဗျာပိုဒ်ကလေးကလဲ နှလုံးသားထဲမှာစွဲပြီး နှုတ်ဖျားမှာ ၀ဲနေတော့တာပဲ။

ကိုယ်နဲ့မရင်းနှီးတဲ့၊ သူစိမ်းပြင်ပြင်ဖြစ်နေတဲ့ စကားလုံးတွေ မပါဘူးလား။ ပါတာပေါ့။ တချို့တလေ ပါတာပေါ့။ “ရောရု” တို့ “ရတု” တို့၊ “မြိုင်တိုက်စုံယံ” တို့။

ဒါပေမဲ့ လူရင်း မိတ်ရင်းတွေနဲ့ တသားတည်းရောနေတော့ တချို့စကားလုံးတွေကို သူစိမ်းပြင်ပြင်လို့ မထင်မိတော့ဘူး။ အသာတကြည်ပဲ လက်ခံလိုက်ပြီးသားဖြစ်သွားတယ်။ ကဗျာသုံးစကားလုံးတွေအဖြစ်နဲ့  တိုးလို့တောင်ချစ်မိသွားတယ်။ အသံအနေအထား၊ အသံအစီအစဉ်ကလဲ ချောမောပြေပြစ်၊ “ရွှေကြောင်ဖား မြီးဖျားလိုက်သို့” ဆိုတဲ့ ရော်ရွက်ကြွေဟန်ကိုနှိုင်းတဲ့ အနှိုင်းစကားကလဲ အာရုံထဲမှာ စွဲထင်နေလေတော့ ဒီကဗျာပိုဒ်ကလေးကို မချစ်ဘဲ မနေနိုင်အောင် ဖြစ်မိတော့တယ်။

အို … ကဗျာဆိုတာ နှလုံးသားရဲ့သံယောဇဉ်ဖွဲ့ရာ ရတနာတမျိုးပါလား။

“တီတာတာ အမူပျို့ရန်ကော
ရီပြာပြာ သူတချို့ငယ်က
မြူသလို ပုံဟန်ချီ”
… ဆိုတဲ့ “တက္ကသိုလ်မောင်သန့်စင်” ရဲ့ “ကဗျာ့ပန်းကုံး” ကဗျာကလေးလို့ ထင်ပါရဲ့။

ဖြစ်နိုင်တာပဲလေ။

စိတ်ဦးလှည့်ရာ နွေကဗျာတွေ တွေးမိနေဆဲမှာပဲ အနောက်နိုင်ငံမှာ နွေနှောင်းစရှုခင်းကို မြင်နေရပြီ။ မကြာခင် ဆောင်းလာတော့မယ်။ ရွက်ကြွေရာသီလာဖို့ အရိပ်အရောင် ပြနေပြီလေ။ ပင်လုံးကျွတ်
ဝါ၀င်းအိစက်နေတဲ့ အရွက်တွေ။ လှပါဘိခြင်း။ စာဖွဲ့လို့တောင် ခံစားမှုကြွင်းရစ်နိုင်သေးငဲ့။

တချို့က နီမြန်းနေ။ အစိမ်ရောင်ကြားက အနီရောင်။ အနုအရင့် အဆင့်ဆင့်။ ဘယ်လို တင့်မောမှန်းမသိ။ လွင့်မျောစရာ။

လှအားပါရဲ့။ နွေနှောင်းပန်းချီ။

အနီရောင်။ အနီရောင်ဆိုရင်တော့ ကျနော်တို့သမိုင်းစဉ်မှာ “တော်လှန်ရေး” ကို သတိရသည်ချည်း။ အနီထဲက ကြယ်ဖြူပွင့်။

ကိုယ့်သမိုင်းနဲ့ကိုယ်ပေါ့။ ဖက်ဆစ်တွေကိုတော်လှန်ခဲ့တဲ့ မတ်လ။ မတ်လဆိုတာ မြန်မာနိုင်ငံအဖို့ အဟောင်းခြွေတဲ့ တပေါင်းနွေ။

“ဒဂုန်တာရာ” က …
“အို … ရုတ်တရက်
မျဉ်းဖြူစက်၍၊ ကွဲအက်ကြောင်းရာ
ဟ … ဟ … လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်” … တဲ့။

ပတ္တမြားရည်တွေ မိုးကောင်းကင်အက်ကြောင်းကြီးက စီးကျလာတယ်။

အဲဒါလဲ နွေဖွဲ့တခုပါပဲ။
သွေးနဲ့ရေးတဲ့နွေဖွဲ့ကဗျာ။
လှနိုင်ရန်ကောလေ။     ။
တင်မိုး
၂၅၊ ၉၊ ၂၀၀၀

ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၉)၊ အောက်တိုဘာ ၂၀၀၀


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook