ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၅)

၁။
၁၉၆၀ တ၀ိုက်ဆီက ကျောင်းတွေမှာ “မြန်မာ့မျက်ပွင့်” ဆိုတဲ့ မြန်မာစာအုပ်ပြဋ္ဌာန်းခဲ့တာ အမှတ်ရမိ သေးတယ်။ (၁၀) တန်း စိတ်ကြိုက်မြန်မာစာအတွက်ထင်ပါရဲ့။ ရေးသူက “ဆရာဇေယျ”။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သားမက်။

ဆရာဇေယျဟာ စာရေးအလွန်ကောင်းတယ်။ သူ့ဝါကျကလေးတွေက ချစ်စရာ။ မြန်မာဆန်တယ်။ သူ့စိတ်ဓာတ်က အလွန်လှတယ်။ မြန်မာ့အမူအရာ၊ မြန်မာ့ဓလေ့ကို မြတ်နိုးဖွယ်ကောင်းအောင် ဖွဲ့ဆို တတ်တယ်။ ကျွန်တော်တို့တတွေ တစွဲလမ်းလမ်း တတမ်းတတ ဖတ်ခဲ့၊ မှတ်ခဲ့၊ သင်ကြားခဲ့ရတဲ့ စာအုပ်ကောင်းတွေပေါ့။ အက်ဆေးအဖိုးတန်ကလေးတွေလို့ ဆိုရမယ်ထင်တယ်။

သူ့စာအကြောင်းကို “ဆရာတိုက်စိုး” တို့ မိတ်ဆက်ပေးကြတာ၊ စာရေးသူအတ္ထုပ္ပတ္တိကို ရေးကြတာတွေ ရှိနေပါပြီ။ အဲဒီပြဋ္ဌာန်းစာတွေထဲက “ကောက်ရိုးနွယ်” တို့၊ “မြခက်ကလေးရဲ့ မျက်နှာ” တို့၊ “ရွှေအင်ကြင်း” တို့၊ “ဒီအချိန်ပေါ့” တို့ကို မမေ့နိုင်ဘူး။ ပြန်ဖတ်တိုင်းကြည်နူးမိတယ်။ နှစ်သက်မိတယ်။ စိတ်ထဲမှာ ပေါ်နေတဲ့ စာရုပ်ပုံလွှာကလေးကို အကြောင်းပြုပြီး ကဗျာလေးရေးဖွဲ့မိပါတယ်။

မြခက်ကလေးနဲ့ကောက်ရိုးနွယ်

မြခက်ကလေးရဲ့ မျက်နှာသွယ်သွယ်နဲ့
ကောက်ရိုးနွယ်ရဲ့ အညွန့်အဖူး
လွန့်လူးတိုးတက်နေပုံကလေး
တရေးရေးနဲ့
စိတ်ကြေးမုံမှာပေါ်နေတယ်။

နေပူကျက်ကျက်၊ ပပ်ကြားအက်မှာ
နွယ်တက်နေတဲ့ ကောက်ရိုးနွယ်
ဘယ်အရာကိုမျှ မတောင့်တ
ဘယ်သင်းကိုမျှ မကြောင့်ကြ
သူ့ဘ၀ သူ့လမ်း
တစတစ လှမ်းရင်း
အဆန်းတကြယ်လဲမရှိ
အရိုးခံပကတိနဲ့
ပီဘိအညတြ
လှမှလှပါပေ့
ဆရာဇေယျ ဖန်ဆင်းခဲ့တယ်။

ငါ့ရင်ခွင် ပပ်ကြားအက်မှာ
ကောက်ရိုးနွယ်ကလေး
နွယ်တက်ပါစေတော့
မြခက်ကလေးရဲ့အပြုံး၊ ငါ့နှလုံးထဲမှာ
ခိုပုန်းလို့ အောင်းနေပါစေတော့။

၂။
လေပြည်လေညင်းတိုက်သလို အေးမြမြခံစားရရင် ကဗျာရေးချင်စိတ်ပိုပြီး နိုးကြွလာသလားမသိ။ စိတ်ကြည်လင်တဲ့အာရုံမှာ ရုပ်ပုံပိုထင်လာရော့သလား။ ကျွန်တော်လဲ ခွဲခွဲခြားခြားမစဉ်းစားတတ်။

တနေ့ မွေ့မွေ့အိပ်နေတုန်း ခေါင်းလောင်းထိုးသံလိုလို ကြားလိုက်မိတယ်။ ခေါင်းထောင်ကြည့်မိတယ်။ ငါအိပ်ပျော်နေလို့ မဖြစ်သေး။ တို့အရေးကလည်း မဆုံးသေး။ ဒါနဲ့ ဒီကဗျာကို ကောက်ကာငင်ကာရေးပြီး ကိုယ့်သွေးကိုယ်နိုးလိုက်ရတယ်။

ယနေ့ထိုးမဲ့ခေါင်းလောင်း

ငါ့နှလုံးသားဟာ
တန်းလျားခုံထက်၊
အိပ်စက်ပျော်နေတယ်။

အားသန်တဲ့ လက်မောင်းနဲ့
ခေါင်းလောင်းထိုးလိုက်သလို
နိုးနိုးကြားကြား ကြွေးကြော်သံ
တကမ္ဘာလုံးညံစေချင်တယ်။

ဒီညောင်စောင်းမှာ
လျောင်းစက်ပျော်မွေ့၊
ဘာလို့များမေ့နေရသလဲ။
“ယနေ့” ကိုမလွန်စေဘဲ
ခေါင်းလောင်းသံတဝေေ၀နဲ့
ကမ္ဘာမြေကိုနှိုးလော့။
ဒီယနေ့မှာပဲ၊ အောင်လံကိုဝှေ့လော့။

အို လုံ့လလျှော့ပြီး ပေါ့ပေါ့ဆဆ မနေသာဘူးလေ။ ကိုယ့်တိုင်းကိုယ့်ပြည်ကမှ စစ်သံခွာအောက်က မထနိုင်သေးတာဘဲ။ ဒုက္ခတွေပင်လယ်ဝေ မျက်ရည်တွေတွေကျနေရဆဲ မဟုတ်လား။ ကြားရသမျှ သတင်းတွေကလဲ အလင်းရောင်မှမပါဘဲ။ တို့တိုင်းပြည်အမှောင်ကျနေဆဲ။ ညတွေမင်းမူနေဆဲ။ ငါတို့အိပ်ပျော်နေလို့ ဘယ်ဖြစ်မှာလဲ။

(၃)
ငါတို့နိုင်ငံမှာ အဖူးအညွန့်ကလေးတွေ အစို့အညှောက်ပေါက်နေကြပါရဲ့။ မျိုးဆက်သစ်ဖူးညွန့်ကလေး တွေပေါ့။ သူတို့တတွေကို ရေလောင်းပေါင်းသင်ပေးမဲ့ အခြေအနေရှိရဲ့လား။ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသူ တွေက သူတို့ကိုယ်ကျိုးကိုပဲ ကြည့်နေကြတယ်။ သူတို့ရဲ့ကျဉ်းမြောင်းတဲ့အမြင်က နိုင်ငံရဲ့အညွန့်အဖူး ကလေးတွေကို ချိုးဖဲ့ပစ်ရာရောက်တယ်။ လူငယ်မျိုးညွန့်ကလေးတွေကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်နေ ကြတယ်။ နိုင်ငံရဲ့အင်အားသစ်တွေလို့ မမြင်နိုင်ဘူး။ သူတို့အာဏာတည်မြဲရေးအတွက် အဖျက်အင်အား စုလို့ မြင်နေတယ်။ သနားစရာကောင်းလိုက်ပလေ။

သူတို့လှမှ နိုင်ငံလှမှာ။ သူတို့ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမှာ။ ခုတော့ သူတို့ကို အညွန့်ဆိတ်ဖို့ ကြံစဉ်နေကြပြီ။ ကျောင်းတက်ဖို့ခက်ပြီ။ ပညာရေးစနစ်တွေကို ဖျက်ပစ်နေပြီ။ ဘ၀ကို ငတ်မွတ်အောင်ဖန်တီးထားတာ့ ပညာတံခါးပွင့်နိုင်အား မရှိပြီ။ အနာဂတ်ပျောက်နေပြီ။ ကိုယ်ကျိုးရှာစစ်အာဏာပိုင်တွေဟာ သူတို့တသက် ကွက်ကွက်ကလေးကိုသာကြည့်ပြီး ပြည်သူတွေကို စစ်တလင်းမှာ သတ်ကွင်းပြင်နေကြပြီ။ ကလေးများ ကို ကယ်ကြပါ။ ကယ်တော်မူကြပါ။ စစ်ရာဇ၀တ်ကောင်တွေလက်ထဲ အာဏာမြဲနေသမျှ ဒုက္ခ၀ဲဂယက်က လွှဲမထွက်နိုင်မှာသေချာတယ်။

ဖူးညွန့်ကလေးတွေ လူးလွန့်စေလိုတဲ့စေတနာနဲ့ ဒီကဗျာရေးမိပြန်ပါတယ်။

ဖူးညွန့်

ဖူးညွန့်
လူးလွန့် အားယူတက်နေဆဲ။
စင်ခံပေးရင်တော့
ဥယျာဉ်ခြံကလေး လှမှာပဲ။
ရေလောင်းလို့ပေါင်းသင်ရင်
ကောင်းကင်မှာ ဖူးညွန့်ကလေးတ၀ဲဝဲ။
အပွင့်လဲဝေဆာ
အသီးလဲ ပဒေသာနဲ့
ရွှေရတနာခြံဖြစ်မှာ အမှန်ပဲ။
ဖူးညွန့်သစ် ပျိုးထောင်
နောင်ကောင်းမှာမလွဲ။
လောင်းရိပ်ရှင်း
ခေါင်းဆိတ်ကင်းအောင်
ကြီးပြင်းစေမှုပြုစု
သီးကင်းနုမြိုင်မြိုင်နဲ့
ခိုင်တံတွေနိုင်ငံတရိုးမှာ
ဖြိုးမောက်မှာပဲ။

မြန်မာပြည်နိုင်ငံမှာ မျိုးဆက်သစ်ကို ချိုးဖျက်ပစ်နေတာက စစ်အုပ်စု။ အခုဆိုရင် စီးပွားရေးကလဲ ဂျုံးဂျုံးကျ နာလန်မထနိုင်။ ပညာရေးကလဲ ဂျုံးဂျုံးကျ ကမောက်ကမ။ တတ်နိုင်သူတွေက ဘန်ကောက်တို့ စင်ကာပူတို့ပြေးပြီး ကြေးကြီးပေးပညာသင်ကြရ။ တို့နိုင်ငံသားတွေကတော့ စစ်ဓားပြတွေလက်အောက် ပြားပြားမှောက်ပြီး ဖိုးသုညမှ ဖိုးသုည။ စစ်အစိုးရဆိုတဲ့ သူခိုး ဓားပြတွေကတော့ အနာဂတ်ဖျက်ဆီးမှုနဲ့ ငရဲအိုးဇောက်ထိုးကျ။ အင်း ဒုက္ခ … ဒုက္ခ။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၃)၊ အောက်တိုဘာ ၂၀၀၂


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook