ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၁)

၁။
သက္ကရာဇ် ၂၀၀၂ ခုနှစ် ဧပြီလ (၁၀) ရက် မြန်မာသင်္ကြန်အကြိုရက်များက ကျွန်တော်ဟာ သမီးမိုးမိုးနှင်း တို့ မိသားစုနဲ့အတူ စပိန်နိုင်ငံ ဘင်နီဒွမ်း (Benidorm) ကမ်းခြေကို ရောက်နေခဲ့ပါတယ်။ ဘင်နီဒွမ်း ကမ်းခြေဟာ ကမ္ဘာလှည့်ခရီးသည်များ အာရုံဝင်စားရာ မြေထဲပင်လယ်က နာမည်ကျော်ကမ်းခြေတခုပါ။

ကျွန်တော်တို့လဲ ဥရောပဆောင်းနှောင်းရဲ့ မှိုင်းပြာမှုန်ဝေ နှင်းပွင့်ကြွေတဲ့ရာသီကြီးကို ငြီးငွေ့လို့ နေသာသာ ရေပြာပြာကမ်းခြေရှိရာ စပိန်ကိုလာခဲ့ကြပါတယ်။ ဗင်နီကက်ကတပ်စ်ဟိုတယ်လို့ခေါ်တဲ့ အညာက တန်ဆောင်းပြာသာဒ်ပင်ကို သင်္ကေတပြုထားတဲ့ဟိုတယ်မှာ တည်းခိုပါတယ်။ ကျွန်တော်တို့ တောင်သာ နယ်မှာတော့ ဆိတ်တွေအလွန်ကြိုက်တဲ့အပင်၊ ဆူးရှည်တွေခက်ဖြာပြီး စောင်းလျားသီးလို ဇောင်းထ နေတဲ့အပင်ကို “ပဒုမ္မာ” ပင်လို့ခေါ်တာပဲ။ အပွင့်ကျတော့ အဖူးငုံဖြေချထားတာ အလွန်လှတဲ့အပင်ပါ။ အပွင့်ကြီးတွေ တဝေေ၀နဲ့ အညာနွေမှာ ရဲရဲပွင့်နေတဲ့ ပဒုမ္မာတွေပါ။

စပိန်ရဲ့ပန်းချီကျော် ဒါလီ၊ ပီကာဆိုတို့ကိုလည်း သတိရရဲ့၊ အညာကမန်ကျည်း၊ တမာတို့ကိုလဲ လွမ်းရဲ့။ ဆီးပင်ငုတ်တိုအနား ဆီးသီးကောက်လို့စားရင်း ဆိတ်ကျောင်းသားကလေးတွေရဲ့ ရုပ်ပုံလဲ အာရုံထဲမှာ ပေါ်လာရဲ့။ မြန်မာသင်္ကြန်အခါမို့ ပိတောက်ပန်းတ၀ါဝါကို လွမ်းစရာအဖြစ်မြင်ယောင်မိရဲ့။ အဲဒီလို အာရုံထဲမှာပေါ်လာသမျှကို အက္ခရာစာလုံးတွေ နေရာချပြီး ကဗျာစီကုံးမိသမျှ ရောမွှေတင်ပြရရင် …။

၂။
၁၅၊ ၄၊ ၂၀၀၂ တနင်္လာနေ့နံနက်ခင်း မြန်မာ့သင်္ကြန်တွင်းကာလမှာ မနက်စောစောထပြီး ဒီလိုကဗျာဖွဲ့မိ ပါတယ်။

ပိတောက်လက်ဆောင်

ဒါလီရဲ့ နာရီတွေ
အရည်ပျော်ကျကုန်သလို
ဘ၀နာရီတွေလဲ
ရာသီရဲ့ ဒဏ်ခံနိုင်ပါ့မလား
နေ့များလဲ တွန့်လိမ်ကုန်ရော့ထင့်။

မန်ကျည်းခုတ်တော့ အို
ဆီးခုတ်တော့ ပျိုသတဲ့
ဆီးငုတ်တို တို့ဘဝ
တနေ့နေ့တော့ လှမှာပ။

တမာကိုင်းကလေးကလဲ
ခါတိုင်းလို ခါးမှာပဲ
ဝါးပြီးရင်တော့ ချိုတတ်ကဲ့။

ပီကာဆိုရဲ့ ချိုးငှက်
ကမ္ဘာမြေပေါ် ၀ဲလျက်နဲ့
သံလွင်ခက်စိမ်းစိမ်းမှာ
သွေးစက်တွေ
ဘာကြောင့်လိမ်းနေရပါလိမ့်။

လူ့ကမ္ဘာမှာ
အမှုရှာနေတာက
အာဏာငတ်သူက ငတ်
လွတ်လပ်ချင်သူကလဲ
နှောင်ကြိုးဖြတ်
မနားမရပ်နိုင်တဲ့
တိုက်ပွဲကလဲ တရစပ်။

ကမ္ဘာတလျောက်
မသာယာတာတွေ ပျောက်စေဖို့
ပိတောက်လက်ဆောင်ပေးချင်ငဲ့။
ပိတောက်မင်းမှာလဲ
သံခြေချင်းလွတ်ကောင်းရဲ့။
ငြိမ်းချမ်းရေးကိုရည်မှန်းပြီး မြန်မာ့ပိတောက်ပန်းကို ကမ်းလှမ်းဝေငှချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် သံခြေချင်းတန်းလန်းနဲ့ ပိတောက်ပန်းကလေးဖို့ လွတ်လမ်းရောက်ကောင်းပါရဲ့လို့ ရေးလိုက်တဲ့ကဗျာပါ။

(၃)
မြန်မာနိုင်ငံမှာနေစဉ်က သူငယ်ချင်းအပေါင်းအသင်းတွေစုပြီး တနှစ်တကြိမ်ခန့် ခရီးထွက်လေ့ရှိပါတယ်။ ဥပမာ- ကျိုက်ထီးရိုး၊ ပုဂံ၊ ပုပ္ပါး စသဖြင့်ပေါ့။ အဲဒီခရီးမျိုးဆိုရင် ကျွန်တော်တို့ရဲဘော်ထဲက အင်္ဂလိပ်စာဆရာဦးသာနိုးက ခေါင်းဆောင်ပြီး စီစဉ်လေ့ရှိတယ်။ ကျွန်တော်တို့ကို အလောင်းတော် ကဿပ စခန်းသွားဖို့ စီစဉ်ပေးပါသေးရဲ့။ အထမမြောက်ခဲ့ဘူး။ ခုလို စပိန်ကမ်းခြေရောက်တော့ ကိုယ့်ရဲဘော်တွေကို သတိရမိတယ်။ လွမ်းဆွတ်မိတယ်။ ဒါနဲ့ … ဒီကဗျာရေးဖြစ်တာပေါ့။

သူငယ်ချင်းကောင်းတို့လေ

ဘင်နီဒွမ်းကမ်းခြေက
ထန်းဝေေ၀နဲ့ ဆိုင်ကလေး
Mundial တဲ့
သေးငယ်တဲ့ဆိုင်ကလေး။
ဝှိုက်ကော်ဖီ ဘရန်ဒီ ရောစွက်
အမာရက်တို (Amaretto)
ချိုသက်သက်
လျှာရှင်းမြက်တဲ့ဆိုင်ကလေး။

ဘရန်ဒီ ရှရှ၊ ကော်ဖီမြမြ
တသသ စည်းစိမ်ခံပြီး
ကိုယ့်နိုင်ငံက သူငယ်ချင်းတွေကို
လွမ်းတင်းဖွဲ့မိတယ်။
အချိုယမကာတကျိုက်နဲ့
ဗိုလ်စာကြိုက်တတ်တဲ့
ဆရာဦးသာနိုးဆိုရင်
သကာအိုးတွေ့တဲ့ ကရင်လို
ခုံမီးခုံမင် ပျော်ရွှင်ပြီး
ဥရောပဘ၀နဲ့
အံဝင်ခွင်ကျလိုက်ဖက်မယ်။

ရွှေမန်း၊ ကျော်ကျော်၊ ဟန်တင်နဲ့
သိန်းထိုက်တို့တတွေလဲ
ယိမ်းတိုက်သလိုကခုန်
သောင်ခုံမှာ မြို့မသီချင်းတွေနဲ့
အလင်းပေါက်ပျော်ကြမယ်။

ဗိသုကာဆရာရွှေကတော့
ဆာကေးမရလို့
တဖျစ်တောက်တောက်နဲ့
ဗြစ်ပဲသောက်ရမယ်။

ပန်းချီယဉ်မင်းပိုက်ကတော့
နတ်ချင်းတပိုဒ်နဲ့ ကနေမှာ
သေချာတယ်။

ဝတ္ထုဆရာကိုတင်ဆင့်နဲ့
ကိုကြည်နိုင်တို့ကတော့
ဟိုဒီယိုင်လို့ ယိမ်းတော့မယ်။

ဆရာစိုင်းအောင်ဝင်းကတော့
ရှမ်းသီချင်းနဲ့ ပွဲထိန်း
မိုးဟိန်းက တယောတညံညံ
ဆရာဆောင်က ဗုံခေါက်သံနဲ့
အိမ်မပြန်နိုင်အောင် ပျော်ကြမယ်။

စပိန်ကမ်းခြေမှာ
သူငယ်ချင်းတွေနဲ့ ပျော်မြူး
သောင်ပြင်မှာ လူးချင်တဲ့လူက လူး
မူးချင်တဲ့လူလဲ မူးပေရော့။

တို့နိုင်ငံ
ဒီမိုကရေစီအောင်ပွဲခံမှ
တေးသံတွေ ရင့်ကျူးဖို့
စပိန်မှာရေကူးဖို့
နိုင်ငံကူးပြီးလာကြမယ်
သဟာယမိတ်အပေါင်း
သူငယ်ချင်းကောင်းတို့လေ …။

ကျွန်တော်တို့နိုင်ငံ အောင်ပန်းပန်ဆင်နိုင်တဲ့ အချိန်ကျရင်တော့ စပိန်မကလို့ ဘယ်နေရာသွားသွား၊ ရွှေတံခါးကြီးပွင့်တော့မှာ အသေအချာပေါ့။

အဲဒီလို ခေတ်ကောင်းအခါကောင်းကို မျှော်မှန်းပြီး ကဗျာပန်းကလေးတွေ တပွင့်ပြီးတပွင့် သီကုံးနေမိပါတော့တယ်။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၉)၊ ဇွန် ၂၀၀၂


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook