ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၈)

၁။
ပြက္ခဒိန်စာရွက်တွေလဲ နှစ်သက်တွေကြာမြင့်လို့ ၀ါရင့်ရင့်ဖြစ်ကုန်ပါပကော။ ၁၉၆၇ ခုနှစ် ပြည်ထောင်စု နေ့ကပေါ့။ အဲဒီတုန်းက ကျွန်တော်ရယ်၊ ဇနီးချစ် မြင့်မြင့်စန်းရယ် မန္တလေးမှာ အခြေချနေစဉ်ကာလ။

ပထမ သမီးဦးကလေးမွေးတယ်၊ “မိုးမိုးစံ” တဲ့။ ဒုတိယသမီးလေး မွေးပြန်တယ်၊ “မိုးမိုးအေး” လို့ မှည့်လိုက်တယ်။ တတိယ သမီးရတနာတဦး တိုးလာပြန်တယ်။ သူ့အမေက “မိုးမိုးမင်း” လို့ ချစ်စနိုး အမည်ပေးတယ်။

မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ မျက်ခုံးကောင်းကောင်းနဲ့ ချစ်စရာကလေးပါ။ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်ကလေး အမြဲသန်းနေတယ်။ အငိုလဲနည်းရဲ့၊ သဘောကောင်းတဲ့ကလေးလို့ ဆိုရမှာပေါ့လေ။

ကျွန်တော်က “လူထု” သတင်းစာမှာ ဆောင်းပါးတွေရေးတယ်။ သမီးကလေးရဲ့ ပုခက်ဘေးမှာ ”ပိတောက်မှ သရဖီသို့” ဆိုတဲ့ စကားပြေလှလှကလေးတွေရေးတယ်။ နေ့ခင်းမှာ အနောက်ကျုံးလမ်း ပေါ်မှာရှိတဲ့ “နေပြည်တော် အထက်တန်းကျောင်း” မှာ မြန်မာစာဆရာအဖြစ် စာသင်တယ်။ အို … သမီးကလေး မိုးမိုးမင်းမွေးတော့ ပြည်သူပိုင်သိမ်းပြီးလို့ အမှတ် (၁၇) အထကတောင် ဖြစ်နေပါပကော။ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းနေပြီပဲ။

(၇) လအရွယ်မှာ သမီးကလေးဖျားတယ်။ တရုတ်တန်းက ဆရာဝန်ကိုပြတယ်။ ဆိုက်ကားကလေးနဲ့ ပြရတယ်။ ဆရာဝန်က ခဏခဏချိန်းတယ်။ တနေ့တော့ ဆိုက်ကားဆရာက “မြန်မာဆေးဆရာကို ပြကြည့်ပါ။ ကလေးရောဂါနိုင်တယ်” လို့ ဆိုက်ကားဆရာလမ်းညွှန်တာနဲ့ မြန်မာဆရာကို ပြောင်းပြီးပြ တယ်။ ကျွန်တော်အိမ်ပြန်ရောက်တော့ ဇနီးက အကျိုးအကြောင်းပြောပြတယ်။ ကျွန်တော်က စိတ်ဆိုးပြီး ဇနီးကို အပြစ်တင်တယ်။ ကျွန်တော်က သိပ္ပံနည်းကျကုသမှုကိုပဲ အားကိုးတယ်။ ချစ်ဇနီးခမျာ မျက်နှာ ကလေးငယ်လို့။ အတွေ့အကြုံကလဲ နည်းသေးတယ်မဟုတ်လား။

ကျွန်တော်တို့လဲ စိတ်ပူပြီး တရုတ်တန်းဆရာဝန်ဆီပြဖို့ ကလေးကိုပွေ့ချီပြီး မိဘနှစ်ပါး ဆိုက်ကားတစီးနဲ့ ထွက်လာပါတယ်။ ဆရာဝန်ဆီရောက်တော့ “အို … မဖြစ်ဘူး … မဖြစ်ဘူး၊ မန္တလေးဆေးရုံကြီးကို အမြန်သွားပြပါ” လို့ စိုးရိမ်တကြီး လမ်းညွှန်တယ်။ သူကိုယ်တိုင်လဲ လိုက်လာပါတယ်။ ဆေးရုံကြီး ရောက်တော့ “အို … ဘာလို့ နောက်ကျမှလာရတာလဲ … ခုတော့ လွန်နေပြီ” တဲ့။ အတတ်နိုင်ဆုံး ကုသရှာကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်လဲ မျက်နှာငယ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ပူလောင်သွားပါတယ်။ သမီးကလေးကတော့ အဖေနဲ့ အမေကို အားကိုးတဲ့မျက်လုံးနဲ့ ကြည့်ရှာတယ်။ ဒီမိသားစုထဲက သူ ခွဲမသွားချင်ရှာပါဘူး။ ဆေးရုံကလက်လွှတ်တော့ ဖခင်ရင်ခွင်ထဲကို သူရောက်လာ တယ်… ဖခင်ရဲ့ ရင်ခွင်နွေးနွေးကို ကျေနပ်နေပုံပါပဲ။

ဆိုက်ကားကလေးစီးပြီး ပြန်ခဲ့တယ်။ ကျွန်တော်တို့ဖြစ်အင်ကိုမြင်ရတော့ ဆိုက်ကားဆရာက အခကြေးငွေ မယူရှာပါဘူး။ အတင်းငြင်းဆန်ပြီး ကြင်ကြင်နာနာလိုက်ပို့ပါတယ်။ အိမ်ရောက်တော့ ည (၂) နာရီလောက် ထင်ပါရဲ့။ မှောင်အားကြီးနေပြီ။ ကိုယ်နေထိုင်ရာ တာရဲတန်း၊ ၃၇ လမ်း၊ အရိုးအိုးကြီးဘုရားအရှေ့ဘက်ကို ရောက်လာတယ်။ သူ့မအေရော၊ ဖအေရော ဘုရားစာတွေ ရွတ်လာကြတယ်။ အိမ်ပေါ်ထပ် ဘုရားခန်းမှာ ဖအေက သူ့ကိုပွေ့ရင်း ဘုရားစာတွေ အဆက်မပြတ်ရွတ်တယ်။ သမီးကလေးခမျာ မိဖမေတ္တာရိပ်မှာ အေးမြစွာအိပ်ရင်း ဘ၀ကို စွန့်ခွာသွားခဲ့ပါတယ်။

၂။
အဲဒီနေ့က ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့ပေါ့။ အငယ်ဆုံးကလေးရဲ့အလောင်း အိမ်မှာ နွေးအောင် မထားကောင်းဘူးတဲ့။ ရပ်ကွက်ကပြောကြတယ်။ ကျွန်တော်တို့လဲ ဒီဓလေ့ထုံးစံတွေကို မသိနားမလည်တော့ ယောင်တိယောင်တောင်။ ဒါနဲ့ သူငယ်ချင်း ကိုဘသော် (ကဗျာဆရာရွှေသော်) နဲ့ ကိုအောင်ခင် (မန္တလေး မောင်အောင်ခင်) တို့ကိုနှိုး၊ ဆိုင်းဝင်းရပ် သူကြီး ဦးဘဂျမ်းကို အကြောင်းကြားပြီး အရုဏ်မတက်ခင် မှောင်ရီဝိုးဝါးမှာ ကျွန်တော်က သမီးငယ် မိုးမိုးမင်းရဲ့အလောင်းကလေးကိုပွေ့ပြီး ရဟိုင်းသုသာန်ကို သွားကြတယ်။

ရဟိုင်းသုသာန်က မှောင်ပိန်းလို့။ သစ်ပင်ကြီးတွေကလဲ ထီးထီးမားမားကြီးရပ်လို့။ သုသာန်ဇရပ်ကြီးတွေ ကလဲ ချောက်ချားစရာငြိမ်သက်လို့။ သူကြီးဦးဘဂျမ်းက ကျွန်တော့်လက်က ကလေးအလောင်းကို တယုတယပွေ့ယူပြီး ရှေ့က ဦးဆောင်သွားပါတယ်။ သုဘရာဇာကြီးရဲ့ အိမ်ဝကိုရောက်တော့ တိတ်ဆိတ် နေတယ်။ သူကြီးက နာမည်ခေါ်ပြီးနှိုးလေရဲ့။ သူကတော့ ရင်းရင်းနှီးနှီး။

သုဘရာဇာအိုကြီးထွက်လာ။ စုတ်တသပ်သပ်၊ အို … ကလေးမသာပါလား။ ကြင်ကြင်နာနာနဲ့ သူကြီး လက်က ကလေးအလောင်းကို လှမ်းယူပြီးပွေ့တယ်။ ပြီးတော့ အ၀င်ဧည့်ခန်းမှာချိတ်ဆွဲထားတဲ့ ကြိမ်ပုခက်ကလေးထဲထည့်သိပ်ပြီး သံချိတ်နဲ့ချိတ်လိုက်တယ်။ “ကဲ … စိတ်ချလက်ချထားခဲ့ပါ … သူကြီးမင်းတို့ သွားနိုင်ပါပြီ” တဲ့။ ဒီလို ကလေးငယ်တွေကို တွေ့နေကျပေမယ့် စုတ်တသပ်သပ် ကြင်နာလို့မဆုံး။ “လက်ဖက်ရည်ကြမ်းကလေး သောက်သွားပါအုံးလား” တဲ့။ ဖိတ်မန္တက ပြုရှာသေးရဲ့။

၃။
သူကြီးမင်းနဲ့တကွ ကျွန်တော်တို့ အိမ်ပြန်လာကြပါတယ်။ ဆရာကိုဝင်းရွှေ (မောင်လွမ်းသူ)၊ ကိုငြိမ်း (မန္တလေး)၊ မောင်ဆွေမြင့် (အေးမင်း)၊ ဦးဥာဏ်ဝင်း (တီတီစီ-နှဲဆရာ) စသဖြင့် စာပေဆွေမျိုးတွေ အစုံရောက်လာကြတယ်။ သမီးကလေးအတွက် ကရုဏာသက်ကြတယ်။ နွမ်းလှနေတဲ့ ဇနီးနဲ့ အဒေါ် ဒေါ်ကြီးတင်ခေါ် ဒေါ်မှတ်တင်တို့က လာတဲ့ပရိသတ်ကို တတ်အားသမျှ ဧည့်ခံကျွေးမွေးတယ်။ ဧည့်သည် တွေကလဲ သောကဖြေဖျောက်ကြတယ်။ အော် … ချမ်းမြသာစည်နဲ့ ဘုရားကြီးဘက်က ကိုသာပိုတို့၊
အင်းဝ ကိုနီမောင်တို့၊ ကိုသင်းပန်တို့ရောပါလား…။

ကျွန်တော်စာရေးနေရင် သမီးကလေးက ပုခက်ထဲက ခေါင်းထောင်ထပြီး ဖအေ့ကို ပြုံးနှုတ်ဆက်ပြီး ဟက်ဟက်ပက်ပက်ရယ်တတ်တဲ့ သမီးကလေးမိုးမိုးမင်းကို မမေ့နိုင်ဘူး။

သာရေးနာရေးကိစ္စနဲ့ကြုံရင် ၀ိုင်းအုံပြီးကူညီတတ်တဲ့ ရပ်ဓလေ့ ရွာဓလေ့ မြန်မာ့ဓလေ့ကို မမေ့နိုင်ဘူး။ ပူနွေးတဲ့စေတနာနဲ့ ကိုယ်ချင်းစာတတ်တဲ့ မြန်မာ့အမူအရာကို ဘယ်ခါမျှ မမေ့နိုင်ဘူး။

၎။
အင်း … နှစ်တွေလဲ ကြာပါပကော။ (၃၅) နှစ်တင်းတင်းပြည့်ခဲ့ပြီလေ။ ချစ်ဇနီးလဲ သူ့သမီးကလေးနဲ့ တွေ့ရတာ ဆယ့်တနှစ်ကျော်ခဲ့ပြီ။ အင်းဝက ကိုနီမောင်တို့တောင် လူ့လောကကိုစွန့်ခွာခဲ့ကြတာ ဆယ်စုနှစ်နီးရော့မယ်။

ဒီနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ သမီး မိုးမိုးမင်း အလွမ်းပြေကဗျာကလေးတပုဒ် ရေးဖြစ်ပါတယ်။

သမီးငှက်ကလေး

ငှက်ကလေးအသွင်၊ အိမ်ထဲဝင်၍
မိခင်ရင်ကြား၊ ခဏနားလျက်
ပျံသွားသောငှက်၊ ကောင်းကင်ထက်က
အိပ်မက်ပေး၍ ပြေးခဲ့ပြီ။

အမိနှင့်ဖ၊ ရင်ကိုမ,လျက်
တမ်းတ … လွမ်းရ … ဆွေးခဲ့ပြီ။

သမီးအိပ်မက်၊ ဖမ်းချင်လျက်နှင့်
ငှက်ကလေးတကောင် … ဝေးခဲ့ပြီ။

ကဗျာကလေးကတော့ အဆန်းတကြယ်မဟုတ်ပါ။ လေးလုံးစပ် ကာရန်ယူနည်းကိုသုံးပြီး အဆုံးသတ်မှာ “ပြေးခဲ့ပြီ၊ ဆွေးခဲ့ပြီ၊ ဝေးခဲ့ပြီ” လို့ ရတုဆန်ဆန်ချထားတဲ့ ကဗျာကလေးပါပဲ။

ကဗျာဆရာဘ၀မှာ အခိုက်အတန့် ကြုံတွေ့ခဲ့ရတဲ့ သက်ပြင်းတရှိုက်ပါပဲ။ ဒီလိုသက်ပြင်းရှိုက်သံ ကလေးတွေ ကာရန်ကလေးတွေခြစ်မိရင်း ကဗျာဖြစ်သွားတာလဲရှိရဲ့။ ကဗျာအဖြစ် သန္ဓေလျှောပြီး အမောကလေးတွေ ပျောက်ကွယ်သွားတာလဲရှိရဲ့။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၆)၊ မတ် ၂၀၀၂


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo