ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၅)

(၁)
ဂျပန်ကထုတ်တဲ့ Voice of Burma စာစောင်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးက မြောက်ဥက္ကလာပမှာပြောတဲ့စကား ဖတ်ရတယ်။ အဖွဲ့ချုပ်ဆိုင်းဘုတ်တင် အခမ်းအနားမှာ “အနင်းခံမြက် ပိုသန်တယ်” တဲ့။

“မှန်လိုက်လေ” လို့ဆိုမိတယ်။ အနင်းခံရလို့ ကြေမွပျောက်ကွယ်သွားမယ်လို့ မထင်နဲ့။ ပိုပြီးခံနိုင်ရည်ရှိပြီး ပိုပြီးအားကောင်းမောင်းသန် ဖြစ်လာတတ်တယ်။ ဒါနဲ့ “အောင်နိမိတ် အောင်စိတ်” ဆိုတဲ့ကဗျာကို ကောက်ကာငင်ကာ ရေးလိုက်မိပါတယ်။

အောင်နိမိတ် အောင်စိတ်

အနင်းခံရတဲ့မြက် ပိုသန်သတဲ့
အကျဉ်းခံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ်။
အခက်အခဲတွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့။
ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့။
အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။
အကြောက်သန်၊ အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့။
ရှေ့ကိုသာ ဆက်ရှောက်
တနေ့နေ့မှာ ရောက်ရမယ်။
မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲခြင်း စိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။

အောက်တိုဘာလ (၄) ရက်ကရေးမိတဲ့ ဒီကဗျာကို နယူးယောက်ခ်စာပေဟောပြောပွဲမှာ ဖတ်ပြခဲ့ပါတယ်။ လူငယ်တွေက အားတက်ရွှင်လန်းတဲ့ မျက်နှာပန်းနဲ့ သူတို့ကျေနပ်ကြောင်း ပြသကြပါတယ်။ ကူးယူကြပါတယ်။

(၂)
လောကမှာ အညတရတွေရဲ့ကျေးဇူး မနည်းပေဘူး။ သူတို့ဟာ သူတို့ပိုင်တဲ့အစွမ်းအစနဲ့ လောကကို တည်ဆောက်ကြတယ်။ ထင်ပေါ်ဝင့်ကြွားလိုလို့ မဟုတ်ဘူး။ အခွင့်အရေးကိုမျှော်ခေါ်ပြီးလုပ်တာ မဟုတ်ဘူး။ အလွန်သန့်ရှင်းကြတယ်။ လောကသားပီသတယ်။ မေတ္တာအားကြီးတဲ့ အမည်မဲ့ အညတရ များပါ။ သူတို့ကျေးဇူးကို ကဗျာဖွဲ့ချင်တယ်။ အရင်တုန်းကလဲ ဖွဲ့ခဲ့ဖူးပြီ။ ၁၉၅၉ ခုနှစ် မန်းတက္ကသိုလ် ကျောင်းသားဘ၀က။ “ဖန်မီးအိမ်” တဲ့။

သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င်းငြားလည်း
သူ့အား သူ့မာန်၊ သူ့ပိုင်ဟန်ဖြင့်
သူသန်ရာမှ၊ ဤလောကကို
အလှဆင်လိုဟန်တကား။

အခုလဲ ဖွဲ့မိပြန်ပြီ။ “ဘ၀လမ်းပြ အညတရ” တွေကို ဂုဏ်ပြုဖွဲ့ဆိုချင်စိတ်ပေါ်လာတာနဲ့ ဖွဲ့လိုက်တာပါ။ ကဗျာက …

လခြမ်းလှေကလေး ဦးချိုထောင်
လျှိုမြောင်ထဲက လှမ်းမြင်ရ
ဘ၀လမ်းပြ တသသ။
မီးအိမ်ကလေး လှုပ်တုတ် လှုပ်တုတ်
ဇနပုဒ္မွာ မွိန္ပ်ပ်
ဘ၀လမ်းပြ တသသ။
မြောက်ဘက်ဆီက ဓူဝံကြယ်
မြူကွယ်ရာက လင်းပျပျ
ဘ၀လမ်းပြ တသသ တဲ့။

(၃)
ရောက်ရာအရပ် ရောက်ရာကမ်းစပ်မှာ ရေချိုခပ်ပြီး တစက်တပေါက်သောက်လိုက်ရသလို ရောက်ရာ နေရာမှာ ကဗျာရေချိုခပ်ပြီး သောက်လိုက်မိတာက ၀ါသနာတခုပါ။ ကိုယ်သောက်မိတဲ့ ရေချိုကိုခပ်ပြီး အရပ်ကိုပေးဝေငှချင်တာလဲ စေတနာလို့ ဆိုနိုင်ကောင်းပါရဲ့။

နယူးယောက်ခ်ကအပြန် ဆန်ဖရန်စစ္စကိုဘက် ခရီးဆက်ရပြန်ပါပြီ။ မြန်မာစာချစ်သူအပေါင်းက တောင်းတဲ့ပွဲတခုပါ။ မနှစ်က တခေါက်ရောက်ခဲ့ပေမယ့် ဒီနှစ်တခေါက်ထပ်ပြီး ရောက်ခဲ့ရပြန်တယ်။ ဆန်ဖရန်စစ္စကိုမှာ မြန်မာနိုင်ငံသား ဆွေမျိုးတွေလဲ အများသားကလား။ အသိအကျွမ်းတွေကလဲ မနည်း။ “ဘယ်လိုက်ပို့ရမလဲ၊ ဘာစားချင်သလဲ” စသဖြင့် ဧည့်ဝတ်ပျူငှာပြုသူတွေကလဲ မရှား။ အားနာပါတယ်။  ကျေးဇူးတင်ပါတယ်။ သူတို့လို ရပ်ဝေးကဆွေမျိုးများနဲ့  စကားလက်ဆုံ ပြောမကုန်နေရတာကိုပဲ မြိန်လှ ပါပြီ။ အလိုပြည့်ပါပြီ။

အဲ … အဲ ကိုယ်က တက္ကသိုလ်တွေကိုတော့ ကြည့်ချင်တယ်။ အားကျချင်တယ်။ သွားရည်ယိုချင်တယ်။ တက္ကသိုလ်တွေရောက်ရင် နုပျိုသွားသလို ခံစားရတယ်။  ဘော်စတွန်ရောက်တုန်းကလဲ ဟားဘဒ် တက္ကသိုလ် ကော်ဖီဆိုင်တွေ အမြဲလိုလိုထိုင်ဖြစ်တယ်။ ဒီမှာ ဘာကလေ၊ စတင်းဖို့၊ ယူစီအယ်အက်စ်စတဲ့ ကမ္ဘာကျော်တက္ကသိုလ်တွေရှိတယ်။ နိုဘယ်လ်ဆုရှင်တွေ (၂၀) ကျော် (၃၀) စသဖြင့် တပုံကြီးထွက် တယ်။ သူတို့တတွေ စာပေပို့ချရာ ပညာဖြန့်ဝေရာ တက္ကသိုလ်ကြီးတွေ ရောက်ဖူးတယ်ဆိုရုံ ရောက်ဖူးချင် ပါတယ်။ ပညာအထုံပါအောင်လို့။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ အရွယ်လွန်ခဲ့ပြီ။ ငယ်ငယ်တုန်းက ပညာသင်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းမတုံး။

(၄)
ကိုယ့်ဘ၀ကို ဆွေးမြေ့လို့မဟုတ်ပါ။ ပညာတန်ဖိုးကို အသိအမှတ်ပြုချင်လို့သာ ဖြစ်ပါသည်။ ပညာရှင်တွေကို ဦးညွှတ်လိုပါတယ်။ ကိုယ့်နိုင်ငံသား နောင်လာနောက်သားတွေ ပညာတံချူ ဆွတ်ချူခွင့်ရရင် ကျေနပ်ဝမ်းမြောက်လှပါပြီ။ ဒီိစိတ်ကူးကလေး ရေးရေးပေါ်လာပြီး ကဗျာတပုဒ် ရေးမိပါတယ်။

ဘေးဧရိယာ လွမ်းကဗျာ

သရုပ်မှန် ပြန်လို့ရေးရမှာဖြင့်
အုတ်ကလန်ဆန်ဟိုဆေးဆီသို့
ပြေးတဲ့လို့ ဟောရသဗျာ။
အမှန်အကန် ချစ်လိုအားနဲ့
ဆန်ဖရန်စစ္စကို သွားကာပ
စာစကား မြန်မာတရားတွေကို
ဆွေသားရင်းချာ မိတ်အများတို့အား
စိတ်အားသန်သန်ဇောနဲ့
ဟောပြောရပါ။
တောင်တန်းတွေက မှိုင်းပြာပြာ
သာယာပါတဲ့ ပင်လယ်ကမ်း။
စတင်းဖို့ ဘာကလေ
တက္ကသိုလ်မြေ ပညာအရပ်မှာ
တဖက်ကမ်းခပ်အောင် သင်ချင်စမ်းပါဘိ
ဆန္ဒတွေ ရင်မှာ လွှမ်းသော်လဲ
ခုတော့ မစွမ်းပါကလား
ရှုလော့အလွမ်း။
၃၀-၁၀-၂၀၀၁

အောက်တိုဘာလ (၂၇) ရက်နေ့က ဘေးဧရိယာလို့ခေါ်တဲ့ ပင်လယ်အော်စခန်းရှိ ဖရီးမောင့်မြို့မှာ ဆရာကြီးဦးသောင်း၊ ဆရာလေး ကိုမင်းဇင်တို့နဲ့အတူ ဟောပြောခဲ့ပါတယ်။

ဇာတ်လမ်းမပါတဲ့ မှတ်တမ်းကဗျာတပုဒ်ပေါ့လေ။     ။
တင်မိုး (ခေတ္တ လော့စ်အင်ဂျလိစ်)

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၃)၊ ဒီဇင်ဘာ ၂၀၀၁


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook