ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၄)

(၁)
လေယာဉ်ပေါ်ကမြင်ရတဲ့ နယူးယောက်ခ်မြို့ ညရှုခင်းကား လှနိုင်အားပါပေ့။ မနေ့တနေ့ကလို့ထင်ရတဲ့ စက်တင်ဘာ (၁၁) ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်ရဲ့ အဖြစ်ဆိုးကြီးကိုတောင် ဘာမှမသိသလိုလို။ ကျွန်တော်ကတော့ ရင်တဖိုဖို အသည်းတထိတ်ထိတ်။

ည (၁၀) နာရီကျော်ကျော် လှမ်းမျှော်မြင်နေရတဲ့ နယူးယောက်ခ်ညမှာ မီးရောင် လျှပ်စစ်ရောင်တို့ အရောင်ချင်း ယှက်သန်းဆန်းကြယ်တဲ့ ပန်းချီကား၊ ပန်းပုရုပ်ပုံကြီးပမာ သာယာမဆုံး။ ကြည်နူးမွေ့လျော် လို့မဆုံး။

ပုထုဇဉ်သသာဝ ဖြစ်မှဖြစ်ရလေ။ လွန်ခဲ့တဲ့တလခန့်က ကြားရတဲ့ နယူးယောက်ခ် ငိုညည်းသံပျောက်ပြီး ထိန်ထိန်တောက်တဲ့ စိန်ကျောက်တွေခင်းထားတဲ့ နတ်ဘုံ နတ်နန်းကြီး ဖြစ်နေပြန်ပြီ။ အခု .. ငို။ အခု … တိတ်။ အခု… ပျော်။  မျက်ရည်စတို့ ခန်းခြောက်ပြီး မြို့တော်ကြီးလျှမ်းလျှမ်းတောက်နေပြန်ပါပကော။ အဟောဒုက္ခံမှ အဟောသုခံ၊ အဟော အစ္ဆရိယံ၊ အံ့သြဖွယ် ဖန်နေပါပကော။

ကျွန်တော့်ရင်ထဲမှာ သဲထိတ်ရင်ဖို ရသ၊ ရှုခင်း လှလှ မြူးကြွကြွတို့ သမရောမွှေပြီး နေမထိ ထိုင်မထိ။ လာဂွာဒီးယားလေဆိပ်သို့ ငြိမ့်ခနဲလေယာဉ်ဆိုက်တော့မှ ရင်ထိတ်ပျောက်ပြီး ရွှင်စိတ်ပေါက်တော့တယ်။

(၂)
“ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးနေတဲ့ နိရိုးဘုရင်” တဲ့။ စကားပုံတခု ကြားဘူးတယ်။ နယူးယောက်ခ်မြို့ကြီး မီးလောင်နေစဉ် တယောထိုးတဲ့ဘုရင်များ ဖြစ်လေမလား။ ပူပင်လယ်ဗွေမှာ အပူတွေလောင်ကျွမ်းနေတုန်း တို့စာပေ၊ တို့အရေး ဦးစားပေးရာ ရောက်လေမလား။ မြန်မာစာပေ ထွန်းသစ်ရေးအဖွဲ့က ကိုဇော်ဝင်းတို့ကိုပြောပြတော့ ကိုမိုးချမ်းက ရယ်ရယ်ပြုံးပြုံးနဲ့ “ဆရာရေ့ … ဘာမှတွေးပူမနေနဲ့။ ကျွန်တော် နယူးယောက်ခ်မြို့တော်ဝန်ကို ခွင့်တောင်းတော့ “လောင်စရာရှိတာ လောင်ပြီးပြီ။ လုပ်စရာရှိတာဆက်လုပ်” လို့ဆိုပြီး ခွင့်ပြုလိုက်တယ်ဆရာ” လို့ ဖြတ်ထိုးဥာဏ်နဲ့ ပြန်ပြော ပါတယ်။ အားလုံးက၀ိုင်းရယ်ပြီး “ဟုတ်တယ် .. ဟုတ်တယ်” တဲ့။ အင်း … မဟုတ်မှန်းသိပေမယ့် နားထောင်လို့အကောင်းသား။ စိတ်ထဲ ရဲသလိုလို ဖြစ်လာမိတယ်။

၁၄၊ ၁၀၊ ၂၀၀၁ နေ့မှာ ဒေါက်တာဆွန်ယက်ဆင် ကျောင်းခန်းမဟာ မြန်မာစာပေပဲ့တင်သံ စီစီညံနေတယ်။ အမျိုးသားညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ရှေ့ပြေးနှုတ်ခွန်းဆက် မိန့်ခွန်းပြောတယ်။ သူ့မိန့်ခွန်းထဲမှာ ပုဂံမှ ကိုလိုနီစာပေခေတ် ရေစီးအလျဉ်တင်ပြတာကို ကြားလိုက်ရ တယ်။ ခေတ်ရဲ့ရင်ခုန်သံကဗျာတွေကို ကျောင်းသားခေါင်းဆောင် ကိုအောင်ဒင်က ကျယ်ကျယ်ဝန်းဝန်း ရှင်းပြပြီး လူထုရဲ့ ဟဒယထဲသို့ အရောက်ပို့တယ်။ ကိုအောင်စောဦးက သရုပ်ပြအလံများနဲ့အတူ သုံးရောင်ခြယ်မှ ခွပ်ဒေါင်းအထိ တိုက်ပွဲခရီးကြောင်းကို ဆရာကြီးမှိုင်းရဲ့ မဟာလေးချိုးကြီးများနဲ့ ယှဉ်ကာယှဉ်ကာ တင်ဆက်တယ်။ သင့်ဘ၀အယ်ဒီတာ ကိုတင်မောင်သန်းကတော့ မီဒီယာသမားတွေရဲ့ စဉ်းစားတွေးခေါ်စရာ ပုစ္ဆာတွေနဲ့ ခေတ်သရုပ်ကို လှစ်ထုတ်ပြတယ်။ လက်ခုပ်သံဟိန်းလို့ ညံတဲ့ခန်းမ။ တက်ကြွတဲ့သွေးပူနွေးနွေး။

(၃)
ကိုယ့်အလှည့်ရောက်လာပြီ။ လေးစားအပ်တဲ့ စာပေပရိသတ်ကို ဘာတင်ပြမလဲ။ မနှစ်က ဟန်းတား ကောလိပ်မှာ “ဗုဒ္ဓနှင့်တွေ့ဆုံခြင်း” ကို ရွတ်ခဲ့ပြီးပြီ။ ဒီနှစ် ၂၀၀၁ ခုနှစ်။ ဒီစာပေပွဲမှာ ဘာတင်ပြရပါ့မလဲ။

လောလောဆယ် ကမ္ဘာမှာရိုက်ခတ်နေတဲ့သတင်းတွေက ကမ္ဘာမှာ ဘင်လာဒင်၊ မြန်မာမှာ ဗိုလ်နေ၀င်း။ အိုစမာဘင်လာဒင်က ကမ္ဘာ့စစ်သွေးကြွခေါင်းဆောင်၊ ဗိုလ်နေ၀င်းကလဲ မြန်မာ့ဒီမိုကရေစီ ဗိမာန်ကြီးကို ဖြိုချခဲ့တဲ့ မြန်မာ့စစ်သွေးကြွခေါင်းဆောင်။ ဗိုလ်နေ၀င်းဆိုရင် အသက်ကကိုးဆယ်ကျော်ပြီ။ ပြည်သူ လူထုကလည်း သူ့ခေတ်ရဲ့နိဂုံးကို မျှော်နေပြီ။ အာဏာရှင်ရဲ့နေ၀င်ချိန်ကို စောင့်ကြည့်နေကြပြီ။ ကောလာဟလမျိုးစုံကလဲ ပျံ့လွင့်နေတယ်။ သေပြီ … မသေသေး၊ သတင်းတွေရှုတ်ထွေးဆဲ။ အမှန်အကန်သတင်းများ၊ အကြံအဖန်သတင်းများ လူးလာပျံသန်းနေကြဆဲ။

မြောက်ဥက္ကလာ အန်အယ်လ်ဒီရုံးဖွင့်ပွဲမှာ မကြာခင်ကမှ နအဖအကျဉ်းသားအဖြစ်ကလွတ်လာတဲ့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက “အနင်းခံရတဲ့မြက် ပိုသန်တယ်” ဆိုတဲ့ မိန့်ခွန်းမြွက်ကြားကြောင်း ဗွီအိုဘီမှာ သတင်းတိုဖတ်လိုက်ရတယ်။ ဒါနဲ့ “ကောလာဟလစားသူများ” ခေါ် “နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း” ကဗျာနဲ့ “အောင်နိမိတ် အောင်စိတ်” ကဗျာနှစ်ပုဒ်ဖွဲ့မိတယ်။ ဒီနှစ်ပုဒ်ကို နယူးယောက်ခ်စာပေချစ်သူများ ရှေ့မှောက်မှာ ရွတ်ပြမယ်။ ဒီဆောင်းပါးမှာ ပထမတပုဒ်ကိုသာ ဖော်ပြပါဦးမယ်။

(၄)
ကဗျာက ဒီလိုပါ။

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း

“တို့ဘ၀ရဲ့ နေ့နဲ့ညတွေကို
ကောလာဟလတွေက ခွစီး
ကမ္ဘာကြီး ပျက်တော့မယောင်
ကောင်းတော့မယောင်နဲ့
ခေါင်းထောင်လာသမျှ နှိမ်နင်း
ရုန်းရင်းဆန်ခတ် ဖန်တီးနေကြတယ်။

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း
သတင်းတွေအမျိုးမျိုးက
တီးတိုး တီးတိုး
အိပ်ရာက နိုးကြတယ်။

တယ်လီဖုန်းနဲ့ အင်တာနက်မှာ
သတင်းမှန်လိုက်ရှာနေလို့
နေ့သာကုန်
ဘယ်ပုံခရီးပေါက်မှာတုန်း။

ကောလာဟလ သတင်းပုပ်တွေနဲ့
ထမင်းလုပ်ပြီး မိုးချုပ်နေရတဲ့ဘဝ
စိတ်ချလုံခြုံပါ့မလားကွယ်။

မျက်စိမှားရင် စားမယ်ဆိုတဲ့
လောင်းကစားသမားတွေ အကွက်ဖန်တဲ့
မနက်ဖြန်ကို
တရွက်လှန် တရက်မော
ကိုကြက်တောရဲ့ ဘ၀ခရီး
ဒီလိုနဲ့ ပြီးတမ်းလား။

အဆံချောင်စကားလုံးတွေနဲ့
အချိန်ဖြုန်းနေတဲ့ လူစားတွေ
အကွက်တွေ ခဏခဏမှားလို့
လုံးပါးပါး ကုန်ရော့မယ်။

ပွဲလှန့်တဲ့
လောင်းကစားသမားကြောင့်
တို့မျက်စိမမှားစေနဲ့
သတိထားဖို့အရေး
တောင်ငေး မြောက်ငေး မငေးနဲ့။

ကိုယ့်လမ်းကိုယ် မှန်မှန်လျှောက်
ပြူတင်းပေါက် အမြဲဖွင့်
အဆင်သင့် နိုးကြားနေပါစေ။” … တဲ့

စာပေပွဲသဘင်ကို သတင်းယူဖို့ရောက်လာတဲ့ ဗွီအိုအေသတင်းဌာနက ဆရာဦးဝင်းအောင် (စာရေးဆရာ မောင်အောင်မွန်) က ကျွန်တော်ရွတ်တဲ့အသံ ၀ိုးတိုးဝါးတားဖြစ်နေလို့လားမသိ။ ထပ်ပြီးရွတ်ဆိုပေးဖို့ ခိုင်းတာနဲ့ စာပေပွဲမှာ နှစ်ကြိမ်ရွတ်ဆိုလိုက်ရပါတယ်။ စာပေပရိသတ် ကျေနပ်တန်ကောင်းပါရဲ့။     ။
တင်မိုး

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၂)၊ နိုဝင်ဘာ ၂၀၀၁


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook