ဆရာမမြကြေးမုံ၏ “မပိတ်ဆီးသင့်သော လွတ်လပ်ခွင့်များ” ဆောင်းပါးကို ၂၀၀၇ ခုနှစ် ဇန်န၀ါရီ (၂၇) ရက်နေ့တွင် ကျနော်ဖတ်ရပါသည်။
ရဲဘော်ဖိုးသံချောင်းနှင့် မြကြေးမုံအကြား အငြင်းပွားနေမှုများကို ကျနော်ဘာတခုမှ မသိ။ မြကြေးမုံ ဆောင်းပါးပါ အကြောင်းအရာများသည် ကျနော့်ဆောင်းပါးအချက်အလက်များသာဖြစ်သည်။ ကျနော့် ဆောင်းပါးကို ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ရေးခဲ့ခြင်းဖြစ်ပြီး “ရေစီးသံ” ဂျာနယ်က ဖော်ပြခဲ့သည်။
ဆရာမမြကြေးမုံ၏ဆောင်းပါးတွင် ကျနော့်ဆောင်းပါးပါ အချက်အလက်အချို့နှင့်ပတ်သက်၍ နင့်နင့် သီးသီးရေးထားသော ၀ါကျအချို့ကိုလည်း တွေ့ရပါသည်။ (၃) နှစ်ကြာပြီဖြစ်သော ကျနော့်ဆောင်းပါး အပေါ် မြကြေးမုံ၏ထင်မြင်ချက်ကို ယခုအကြိမ် ပထမဦးဆုံးဖတ်ရခြင်းလည်းဖြစ်သည်။ ကျနော်မသိ လိုက်သော ကျနော့်ဆောင်းပါးနှင့်ပတ်သက်သည့် မြကြေးမုံ၏ထင်မြင်ချက်ဆောင်းပါးများ၊ ပြောဆိုမှုများ မည်မျှရှိနေမည်ကိုလည်း ကျနော်မသိ။
မည်သို့ဖြစ်စေ ကျနော်နှင့်တိုက်ရိုက်သက်ဆိုင်လာသောကြောင့် သက်ဆိုင်သလောက်ကို “စေတနာ” ရှေ့ထားရှင်းပြရန် ကျနော်ဆုံးဖြတ်လိုက်သည်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရှင်းပြခြင်းလည်း ဖြစ်လိမ့်မည်။
၁။ မြကြေးမုံက ထောင်ပိုင်ဦးထွန်းခင်အား ဘာမှမယ်မယ်ရရ ပြန်မပြောတတ်ရှာသည့် ရိုးရိုးအအ
ဝန်ထမ်းကြီးတယောက်အဖြစ် ပုံဖော်ထားသည်။ မည်သည့်အတွေ့အကြုံ အထောက်အထားကိုအခြေခံ၍ ထိုသို့ဖော်ပြထားသည်၊ ဘာရည်ရွယ်ချက်ဖြင့်ဖော်ပြထားသည်ကို ကျနော်မသိ။
ကျနော်သိသော ထောင်ပိုင်ဦးထွန်းခင်မှာ အင်္ဂလိပ်ခေတ် ၁၉၃၉ ခုနှစ်ကပင် ထောင်အမှုထမ်းဖြစ်ခဲ့သူ ဖြစ်သည်။ ထိုခုနှစ်ကိုလည်း ဗိုလ်အုန်းမောင်၏အမေးကိုဖြေစဉ်က ဦးထွန်းခင်ကိုယ်တိုင် ပြောခဲ့သော စကားဖြစ်သည်။ ကွန်မြူနစ်ပါတီ စတင်တည်ထောင်သည့်နှစ်နှင့် တထပ်တည်းကျနေသောကြောင့်လည်း ထိုခုနှစ်ကို စွဲစွဲမြဲမြဲ မှတ်မိနေခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ် (၅၃) ရက်တိုက်ပွဲ တိုက်နေချိန်တွင်ဦးထွန်းခင်၏ အမှုထမ်းသက်မှာ (၃၂) နှစ်ရှိနေပြီ။ အသက်က ၅၃-၅၄ လောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
ထောင်အမှုထမ်းသက်ဝါရင့်နေသော ဦးထွန်းခင်သည် ထောင်တွင်းတိုက်ပွဲများကို ရင်ဆိုင်ကိုယ်တွယ် ဖူးသူဖြစ်ပြီး အနုအကြမ်းစွယ်စုံရအဖြစ် သတင်းကြီးသူလည်းဖြစ်သည်။ အကြမ်းတွင်နာမည်ကြီးသော ထောင်ပိုင်ကျားသောင်းချစ်ဆိုသူကို တာဝန်ပေးရန်စီစဉ်ပြီးမှ အနုအကြမ်းစွယ်စုံရသော ဦးထွန်းခင်အား ကိုကိုးကျွန်းသို့ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ထောင်မင်းကြီးငြိမ်းလှိုင်ကိုယ်တိုင် ယုံကြည်အားထားခြင်း ခံရသူဖြစ်သည် စသဖြင့် ထောင်ဝါဒါရပ်ကွက်သတင်းအရ သိရသည်။ မည်မျှမှန်မမှန်ကိုကား မသိ။ (၅၃) ရက်ကြာတိုက်ပွဲကာလအတွင်း ကွယ်ရာတွင် ကြမ်းကြား၊ ထရံကြားပြောခဲ့သော ဦးထွန်းခင်၏ စကားနှစ်ခွန်းကို ကျနော်မှတ်မိနေဆဲဖြစ်သည်။
“ကြည့်လည်းလုပ်ကြပါ၊ ကျောက်တိုင်ထူရလွန်းလို့ ကျွန်းပေါ်ကကျောက်တုံးတွေလည်း ကုန်သွားပါဦး မယ်။”
“သပိတ်လှန်ချင်လှန် မလှန်ချင်နေ၊ အခေါင်းပို့ပေးဖို့က ကျုပ်တာဝန်” ထိုစကားနှစ်ခွန်းလောက်နှင့်ပင် ဦးထွန်းခင်၏ အတွင်းသဘောကို ခန့်မှန်းနိုင်မည်ထင်သည်။ စခန်းလုံခြုံရေးနှင့် အာဏာပိုင်များ၏ လှုပ်ရှားမှုကို ထောက်လှမ်းလေ့လာရသော ကင်းတပ်တွင် ကျနော်တာဝန်ယူရသဖြင့် ထိုစကားနှစ်ခွန်းကို ကြားသိ၊ မှတ်မိနေခြင်းဖြစ်သည်။ ဆိုင်ရာခေါင်းဆောင်ပိုင်းကိုလည်း တင်ပြခဲ့ရသည်။
၂။ နောက်ဆုံးအချိန် စေ့စပ်ရေးစားပွဲတွင် ဗိုလ်အုန်းမောင်က ထောင်ပိုင်ဦးထွန်းခင်အား ပြောခဲ့သော စကားများသည် ဖြစ်ရပ်မှန်များဖြစ်ပါသည်။ (ကျနော်ရေးသော ဗိုလ်အုန်းမောင်၏ စကားအသုံးအနှုန်းကို သေရဲ၊ သတ်ရဲဟု မြကြေးမုံက ဖော်ပြထားသည်။ အမှန်တကယ် ကျနော်ရေးခဲ့သည်က သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲသာဖြစ်သည်) ကျနော်ရေးခဲ့သောဖြစ်ရပ်မှန်များအတွက် လုံးဝ (လုံးဝ) တာဝန်ယူနိုင်ပါသည်။ ဗိုလ်အုန်းမောင်သာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင်လည်း သူ့စကားကို သူတာဝန်ယူမည်သာ ဖြစ်သည်။ ထိုစကားရပ်များကို နားလည်ပုံ နားလည်နည်းမှာ မြကြေးမုံ၏ရပ်တည်ချက်အမြင် ဖြတ်သန်းမှု အတွေ့အကြုံနှင့်သာဆိုင်သည်။
ထိုစဉ်က ဗိုလ်အုန်းမောင်နှင့် ထောင်ပိုင်ဦးထွန်းခင်တို့ ပုဂ္ဂိုလ်ရေးအရ စကားပြောနေကြခြင်းမဟုတ်။ ဗိုလ်အုန်းမောင်က တိုက်ပွဲဝင်အကျဉ်းသားတရပ်လုံးအား အကြွင်းမဲ့ကိုယ်စားပြုသူ တပ်မှူးကြီးဖြစ်သည်။ တိုက်ပွဲဝင်ရဲဘော်များ၏အသက်ကို လက်နက်သဖွယ်အသုံးပြုပြီး စစ်အစိုးရ၏ “ကိုယ်ထူကိုယ်ထ အကျဉ်းထောင်ပေါ်လစီ” ရိုက်ချိုးရေးတိုက်ပွဲကို ဦးစီးနေသူဖြစ်သည်။ ထောင်ပိုင်ဦးထွန်းခင်သည် မြကြေးမုံပြောသလို စစ်ယူနီဖောင်းဝတ် ဗိုလ်မှူးကြီးတယောက် မဟုတ်သည်ကားမှန်သည်။ တချိန်တည်း မှာပင် သာမန်ထောင်မှူးတယောက်၊ ၀ါဒါတယောက်လည်းမဟုတ်။ ကိုကိုးကျွန်းအကျဉ်းစခန်း၏ အမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်ဖြစ်ရုံမက စစ်အစိုးရ၏ “ကိုယ်ထူကိုယ်ထ အကျဉ်းပေါ်လစီ” ကို ကိုယ်စားပြု အကောင်အထည်ဖော်သူ၊ ကာကွယ်သူဖြစ်သည်။ ဆင်နွှဲနေဆဲ (၅၃) ရက် အစာအငတ်ခံတိုက်ပွဲအား ချေမှုန်းရန် တာဝန်ယူထားသူ လက်တွေ့စစ်မြေပြင်တပ်မှူးလည်းဖြစ်သည်။ ဗိုလ်အုန်းမောင်နှင့် ထောင်ပိုင် ဦးထွန်းခင်တို့၏ အမေးအဖြေများသည် အကျိုးစီးပွားကိုယ်စားပြုမှု လုံးဝဆန့်ကျင်ခြားနားသည့် နှစ်ဖက် တပ်မှူးနှစ်ဦး စီးချင်းထိုးနေကြခြင်းဖြစ်သည်။ ဗိုလ်အုန်းမောင်၏မေးခွန်းများသည် အကျဉ်းသားထု (အထူးသဖြင့် တိုက်ပွဲဝင်ကွန်မြူနစ်စစ်သည်ထု) ကို ကိုယ်စားပြု မေးမြန်းနေခြင်းဖြစ်သည်။ စစ်အစိုးရ၏ “ကိုယ်ထူကိုယ်ထ အကျဉ်းကျပေါ်လစီ” နှလုံးသားကို ထိုးစိုက်လိုက်သည့် လှံချက်များဖြစ်သည်။ ထောင်ပိုင်ဦးထွန်းခင်၏ ကျိုးနွံသောအဖြေများသည် စစ်အစိုးရ၏ “ကိုယ်ထူကိုယ်ထ အကျဉ်းကျပေါ်လစီ” မကြာမီ ဇီဝိန်ချုပ်တော့မည်ကိုပြသော ရှေ့ပြေးနိမိတ်များဖြစ်သည်။
ထိုတိုက်ပွဲကို တွေ့ကြုံဖြတ်သန်းခဲ့သော ကျွန်းပြန်ရဲဘော်အချို့ သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။ အခါအခွင့်သင့်လျှင် ရဲဘော်များထံ လေ့လာကြည့်သင့်သည်။
ကျနော်ကိုယ်တိုင်ကမူ ဆရာရာဂျမ်နှင့် ဗိုလ်အုန်းမောင်အနီးတွင် ထိုအချိန်က ရှိနေခဲ့သည်။ ဦးထွန်းခင်နှင့် အဖွဲ့ (ဦးထွန်းခင်အပါအ၀င် (၅) ဦးဟုထင်သည်) က ကျနော်နှင့် တလံသာသာအကွာတွင်ရှိသည်။ ဦးထွန်းခင်က တိုက်ပွဲတောင်းဆိုချက်များကို သဘောတူကြောင်း လက်မှတ်ရေးထိုးရန် အကြောင်း အမျိုးမျိုးပြကာ အချိန်ဆွဲနေသည်။ အဓိကတောင်းဆိုချက်များမရဘဲ သပိတ်လှန်အောင်လုပ်နေခြင်း ဖြစ်သည်။ ကျနော်တို့က အချိန်မဆွဲချင်။ နောက်ထပ်ရဲဘော်တယောက် မလိုအပ်ဘဲ အကျအဆုံးမခံချင်။ (အကယ်၍ လိုအပ်လာပါက သပိတ်တော့မလှန်၊ ရှိသမျှရဲဘော်အားလုံး အသေခံတိုက်ရန်ကား ဆုံးဖြစ်ပြီးသားဖြစ်သည်။) ထိုကဲ့သို့ နှစ်ဖက်အကြိတ်အနယ် ဖြစ်နေချိန်မှာပင် ရဲဘော်ထွန်းဝင်း (တပ်မတော်-လေ) ကျဆုံးသည်။ (၈) ယောက်မြောက်ကျဆုံးခြင်းဖြစ်သည်။ အားလုံးအလေးပြုရန် အမိန့်သံထွက်လာသည်။ ကျနော်တို့က အလေးနီပြုသည်။ ဦးထွန်းခင်နှင့်အဖွဲ့က မတ်တပ်ရပ် ဦးညွတ် အလေးပြုသည်။ သူတို့အား မည်သူကမှ အတင်းအကျပ် အလေးပြုခိုင်းခြင်းမဟုတ်။ ရင်ဆိုင်နေရသော အခြေအနေက သူတို့အား (စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) အလေးပြုရန် တွန်းပို့လိုက်ခြင်းဖြစ် သည်။ ဦးထွန်းခင်နှင့်အဖွဲ့ ပတ်ပတ်လည်တွင် ဒေါသပေါက်ကွဲ၊ ငိုယိုနေသော ရဲဘော် တရာ၊ ကိုးဆယ် ရှိနေသည်။ ဦးထွန်းခင်၏ တမင်အချိန်ဆွဲမှု (တမင်အချိန်ဆွဲမှုဟုပြောရခြင်းမှာ စောစောပိုင်းက သဘောတူလက်မှတ်ထိုးရန် ကွေ့ရှောင်နေသည့်အချက်များကိုပင် နောက်ဆုံး၌ သဘောတူကြောင်း လက်မှတ်ရေးထိုးလိုက်သောကြောင့်ဖြစ်သည်။) ကြောင့် ရဲဘော်တယောက် ထပ်ကျရသည်ကို ရဲဘော်များက မကျေနပ်ကြ။ ဒေါသပေါက်ကွဲကာ ဦးထွန်းခင်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် စွဲချက်တင်နေကြပြီ။ ထိုအချိန်မျိုးတွင် ဗိုလ်အုန်းမောင်က “ကျုပ်တို့ကွန်မြူနစ်တွေဟာ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲတယ်ဆိုတာ ခင်ဗျားတို့ယုံပြီလား” စတဲ့မေးခွန်းများကို မမေးလျှင်၊ ဦးထွန်းခင်သည် “ဟုတ်ကဲ့” ချင်းထပ်အောင် ကျိုးနွံစွာ မဖြေလျှင် ဘာဖြစ်သွားမည်ထင်သလဲ။
လူထုအုံကြွပေါက်ကွဲမှုဆိုသည်မှာ မိုးဦးကျ အညာတောင်ကျချောင်းရေလို အလွန်ခွန်အားကြီးလေ့ ရှိသည်။ ထောင်တွင်းတိုက်ပွဲများစွာကို ရင်ဆိုင်ကိုင်တွယ်ဖူးသော ၀ါရင့်ထောင်ပိုင်ကြီး ဦးထွန်းခင် အနေနှင့် “ဟုတ်ကဲ့ခင်ဗျာ့” ဟု ကျိုးနွံစွာပြောရန် ၀န်မလေးသည်မှာ ဘာမှအဆန်းမဟုတ်။ သူ့လုံခြုံရေး အတွက် စိုးရိမ်သောက ၀င်လာပါက ထိုင်၍ပင် ရှိခိုးမည်ဖြစ်သည်။ ရှစ်လေးလုံးလူထုအုံကြွမှုအတွင်းက အာဏာပိုင်ဆိုသူများ၏ ဖြစ်ရပ်များကို ပြန်တွေးကြည့်။ (၅၃) ရက် ထောင်တွင်းတိုက်ပွဲသည် ရှစ်လေးလုံး လူထုအုံကြွမှုကြီးနှင့် မနှိုင်းသာအောင် သေးငယ်သော်လည်း လူထုပေါက်ကွဲမှုဖြစ်ရပ် အတွင်းသဘောမှာ အတူတူသာဖြစ်သည်။
တကယ်က ဗိုလ်အုန်းမောင်သည် ဒေါသပေါက်ကွဲနေသော ရဲဘော်ထုကိုယ်စား ဦးထွန်းခင်အား တရား သော၊ မေးခွန်းထုတ်သင့်သော အရာများကိုမေးကာ နိုင်ငံရေးအရ မှန်ကန်စွာ ထိန်းကျောင်းသွားခြင်းသာ ဖြစ်သည်။ (၅၃) ရက်တိုက်ပွဲကြီးအား အဆုံးသတ်အောင်ပွဲအထိရောက်အောင် သယ်ဆောင်သွားခြင်းသာ ဖြစ်သည်။
အကယ်၍ ရဲဘော်များ၏ပေါက်ကွဲမှုကို မှန်ကန်စွာထိန်းကျောင်းမသွားနိုင်ပါက ရန်သူက တိုက်ပွဲ တောင်းဆိုချက်များကို လိုက်လျောသဘောတူ လက်မှတ်ထိုးရန် မိနစ်ပိုင်း စက္ကန့်ပိုင်းအလိုမှာပင် တိုက်ပွဲလမ်းကြောင်း ပြောင်းသွားနိုင်သည်။ အဓိကရုဏ်းသတ်ပွဲဖြတ်ပွဲအဖြစ်ပင် ကူးပြောင်းသွားနိုင် သည်။ ထိုသို့သာဖြစ်ခဲ့လျှင် (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးသည် ရေစုံမျောကာ ယနေ့လို ဂုဏ်သိက္ခာ မြင့်မားနိုင်တော့မည်မဟုတ်။ အဆုံးအဖြတ်လည်းကျ၊ တိုလည်းတိုတောင်းသော ထိုမိနစ်ပိုင်းလေး အတွင်းမှာပင် ဗိုလ်အုန်းမောင်၏ တိုက်ပွဲခေါင်းဆောင်မှုစွမ်းရည်ကို တအံ့တသြမြင်တွေ့ခဲ့ရသည်။ လူထုတိုက်ပွဲခေါင်းဆောင်မှု အတတ်ပညာဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့ခက်ခဲသည်။
၃။ မြကြေးမုံပြန်လည်စဉ်းစားသင့်သည့် အချက်တချက်ကို ထောက်ပြချင်ပါသည်။ ယေဘုယျသဘော အရ ထောင်ဆိုသည်မှာ အုပ်ချုပ်သူလူတန်းစားက အုပ်ချုပ်ခံများအား ဖိနှိပ်သည့်ကိရိယာများအနက် တခုဖြစ်သည်။ သို့ရာတွင် မတူသည့်သမိုင်းခေတ်ကာလ၊ မတူသည့်အခြေအနေ ထူးခြားချက်များ အောက်တွင် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများ၏ဆက်ဆံရေးသည်လည်း ပုံစံအမျိုးမျိုးဖြင့် ခြားနားထွေပြားတတ်သည်။ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊
န၀တ၊ နအဖခေတ် စသဖြင့် ကာလအလိုက်၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေအလိုက်၊ လက်နက်ကိုင်တိုက်ပွဲ၊ လူထုအုံကြွမှု၊ ထောင်တွင်းတိုက်ပွဲ ဒီရေအနိမ့်အမြင့်အလိုက် ကိုယ်စီ ထူးခြားမှု ရှိတတ်သည်။ တမျိုးတည်း တပုံစံတည်း မပြောင်းလဲ တည်ငြိမ်နေသည်မဟုတ်။
အခိုင်အမာထူးခြားချက်တချို့ကို ပြောပြမည်။ ကိုကိုးကျွန်းစခန်းတွင် ထောင်တွင်းပါတီကော်မတီ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကဦးစီးပြီး ပါတီ၏နိုင်ငံရေးလမ်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတခု ကျင်းပခဲ့သည်။ လေးငါးခြောက်ယောက်သား ဆွေးနွေးသော တိုးတိုးတိတ်တိတ် ကျိတ်ဝိုင်းကလေးမဟုတ်။ လူကိုးဆယ် တရားနီးပါးတက်ရောက်သည့် ဆွေးနွေးပွဲကြီးဖြစ်သည်။ သုံးလေးရက်သာကြာသော ဆွေးနွေးပွဲမဟုတ်။ တနှစ်နီးပါး အချိန်ဇယားနှင့် ဆွေးနွေးကြခြင်းဖြစ်သည်။ ဆွေးနွေးပွဲအ၀င်ခန်းမနဖူးစီးတွင် “စစ်အာဏာရှင်အစိုးရအား တိုက်ပွဲဝင်ကြ” ဟူသော စာတန်းကြီးကို ချိတ်ဆွဲထားသည်။ ဆွေးနွေးပွဲ ခန်းမအတွင်း အစွန်တဖက်ထိပ်တွင် တူတဇင်ကြယ်နီပါ ကွန်မြူနစ်အလံကြီးကို ဆင်ယင်ထားသည်။ အလံကြီးအောက်တွင် (၁၈) လက်မအရွယ်ခန့် မာ့က်စ်၊ အိန်ဂျယ်၊ လီနင်၊ စတာလင်၊ မော်စီတုန်းတို့၏ ပုံတူပန်းချီကားကြီးများ၊ ဥက္ကဋ္ဌသခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့၏ ပုံတူပန်းချီကားကြီးများကို ချိတ်ဆွဲထားသည်။ ရှေ့ဘက်ကပ်လျက် သဘာပတိစင်မြင့်ရှိသည်။ ဆွေးနွေးပွဲကျင်းပနေစဉ် မဆိုင်သူများ (အာဏာပိုင်များ) အား ၀င်ခွင့်မပြု။
သည်လိုထောင်တွင်းဆွေးနွေးပွဲမျိုး ကိုလိုနီခေတ်အပါအ၀င် မြန်မာပြည်ထောင်သမိုင်းတွင် ယခင်က တခါမျှမရှိခဲ့။ မိမိတို့အာဏာစိုးမိုးထားနိုင်သည့် လက်နက်ကိုင်တော်လှန်ရေး အခြေခံမူများပင် ထိုကဲ့သို့ နှစ်ပေါက်နီးပါးကျင်းပသည့် ဆွေးနွေးပွဲမျိုးမရှိခဲ့။ ထိုဆွေးနွေးပွဲမျိုးကို ကိုကိုးကျွန်းအကျဉ်းစခန်း အဆောင်နံပတ် (၉) တွင် ကျင်းပခဲ့ဖူးသည်။
အများသိကြသည့်အတိုင်း ထောင်ဆိုသည်မှာ အပ်တိုတချောင်း၊ မီးခြစ်တဆံပင် ကိုင်ဆောင်ခွင့်ရှိသည် မဟုတ်။ ကိုကိုးကျွန်းအကျဉ်းစခန်းတွင်မူ ပန်းပဲဖိုရှိသည်။ ဓား၊ လှံ၊ မှိန်း စသည့်လက်နက်မျိုးစုံ ကိုယ်တိုင် ထုလုပ်ကြသည်။ လူတိုင်းလိုလို (အဖိုးကြီးများမှလွဲ၍) ဓားရှည်၊ ဓားမြောင်၊ လှံ၊ မှိန်း တခုခုတော့ရှိသည်။ တုတ်သိုင်း၊ ဓားသိုင်း သင်တန်းဖွင့်သူကဖွင့်ကြသည်။ ဓားရောင်တဖွေးဖွေး သိုင်းကစားသူ ကစားသည်။
ဖော်ပြပါအခြင်းအရာများသည် ထောင်အတွင်း၌ မည်သို့မျှရှိခွင့်မပြုသော အရာများသာဖြစ်သည်။ ယေဘုယျ ထောင်ဗဟုသုတအရပြောရလျှင် ယုတ္တိမဲ့အရာများဟုသာ ပြောရမည်။ သို့ရာတွင် ကိုကိုးကျွန်း ၌ ထိုကဲ့သို့သော အခြင်းအရာ အများအပြားရှိခဲ့သည်။ အချို့ကဆိုလျှင် “လွတ်မြောက်ဒေသတပိုင်း” ဟုပင် အလွန်အကျွံ အကဲဖြတ်ကြသေးသည်။ သို့သော် ဤအခြေအနေ၊ အခြင်းအရာများသည် ထောင်အာဏာ ပိုင်များက စိတ်ကောင်းစေတနာရှိ၍ ခွင့်ပြုထားသောအရာများမဟုတ်၊ အာဏာဖီဆန်ရေး တိုက်ပွဲကြီး ငယ်အမျိုးမျိုး၏ အကျိုးရလဒ်များသာဖြစ်သည်။ ထိုသို့ဆို၍ ဖိနှိပ်မှုမရှိဟု ဆိုလိုခြင်းမဟုတ်။ ကြွားဝါလို၍ လည်း ရေးပြနေခြင်းမဟုတ်။ မတူသည့်အချိန်ကာလ နေရာဒေသ အခြေအနေအချက်အလက် တိုက်ပွဲ ဒီရေအနိမ့်အမြင့်တို့အောက်တွင် တည်ရှိတတ်သော ထူးခြားချက်များကို သိစေလို၍ ရေးခြင်းဖြစ်သည်။
၎။ ထောင်အာဏာပိုင်ဆိုသူများသည် မြကြေးမုံထင်နေသလို အမြဲတမ်း သံမဏိကျားများမဟုတ်၊ တသမတ်တည်း မပြောင်းမလဲ အပေါ်စီးကရှိနေသည်မဟုတ်။ အချိန်အခါ၊ အခြေအနေ၊ ထောင်တွင်း တိုက်ပွဲ ဒီရေအနိမ့်အမြင့်ကိုလိုက်၍ အပြောင်းလဲရှိတတ်သည်။ တိုက်ပွဲဒီရေနိမ့်နေလျှင် ခါးထောက် မောက်မာသည်။ တိုက်ပွဲဒီရေမြင့်လျှင် ကျိုးနွံလာသည်။ တိုက်ပွဲဒီရေအထွတ်အထိပ်ရောက်လျှင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်သွားလေ့ရှိသည်။ ဒါလည်း ထာဝရမဟုတ်၊ တိုက်ပွဲဒီရေကျချိန်တွင် သူတို့အလှည့် ဖြစ်သွားပြန်သည်။ အထက်တွင်ဖော်ပြခဲ့သော ထောင်ပိုင်ဦးထွန်းခင်၏အဖြစ်ကိုကြည့်။ ထောင်ပိုင်သည် ဤမျှအထိ ပြောသမျှ “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု လိုက်ပြီးခေါင်းညိတ်နေမည်သာမှန်လျှင် အပင်ပန်းခံပြီး အစာငတ်ခံပြနေစရာမလို “တံခါးချက်ချင်းဖွင့်လိုက်” ဟု အမိန့်ပေးပြီး တန်းစီထွက်လာ ရုံသာရှိသည်ဟု မြကြေးမုံက ရေးထားသည်။ စိတ်လိုက်မာန်ပါရေးလိုက်သော မလိုအပ်သည့် ၀ါကျ တကြောင်းပင်ဖြစ်သည်။
ကျနော်ရေးပြထားသော ထောင်ပိုင်ကြီးဦးထွန်းခင်၏အဖြစ်သည် ထောင်စစ်မျက်နှာတခု၊ အရေးကြီးသော တိုက်ပွဲကြီးတခုတွင် စစ်ရှုံးသွားရရှာသည့် အာဏာပိုင်တဦး၏ ဖြစ်ရပ်မှန်ရုပ်ပုံလွှာသာဖြစ်သည်။ ထောင်ဆိုသော ဖိနှိပ်မှုယန္တရားကြီး၏ ယေဘုယျသဘောမဟုတ်။ ကိုကိုးကျွန်းအကျဉ်းစခန်းက အခိုင်အမာထူးခြားမှုကိုသာ ပြောနေခြင်းဖြစ်သည်။
ကိုကိုကျွန်းအကျဉ်းစခန်း အပြင်ထွက်ရေးကိစ္စလောက်ကတော့ “တံခါးဖွင့်လိုက်” ဟု အမိန့်ပေးနေစရာ တောင်မလို။ အရက် (၄၀) အစာငတ်ခံတိုက်ပွဲပြီးစကပင် အကျဉ်းထောင်သံဆူးကြိုးနှစ်ထပ်ကို အလျဉ်း သင့်သလို ရိုက်ချိုးဖွင့်လှစ်ပြီးဖြစ်သည်။ ထောင်အပြင်သို့ ကြိုက်သည့်အချိန်၊ ကြိုက်သည့်အပေါက်မှ တံခါးမရှိ ဓားမရှိ ၀င်ထွက်နေကြတာလည်းဖြစ်သည်။
(၅၃) ရက်တိုက်ပွဲက နှိုင်းယှဉ်ချက်အရ ရေရှည်စီမံချက်ဖြစ်သည်။ “ကိုယ်ထူကိုယ်ထ အကျဉ်းထောင် ပေါ်လစီ” ကို အမြစ်ပြတ်တိုက်ရသည့်တိုက်ပွဲဖြစ်သည်။ ပေါ်လစီကိုတိုက်ရသည့်တိုက်ပွဲသည် သာမန် စီးပွားရေးအခွင့်အရေးကို ဦးတည်သည့်တိုက်ပွဲနှင့်မတူ။ ခက်ခဲသည်။ ပေါ်လစီကို ချေမှုန်းရသည့်တိုက်ပွဲ ဖြစ်၍လည်း ရဲဘော် (၈) ဦး ကျဆုံးရသည်အထိ အရင်းအနှီးကြီးခဲ့ရခြင်းဖြစ်သည်။ ယနေ့အထိ ကိုကိုးကျွန်းအား အကျဉ်းစခန်းအဖြစ် ပြန်လည်အသုံးမပြုနိုင်ခြင်းမှာ အာဇာနည် (၈) ဦးကျဆုံးခဲ့သော (၅၃) ရက်တိုက်ပွဲကြီး၏ ကောင်းမှုဖြစ်သည်။
၅။ ကျနော်တို့ ထောင်တွင်းအတွေ့အကြုံ၊ လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံများထဲတွင် အချို့သူများ အတွက် ယုတ္တိအားနည်းသည်ဟု ယူဆနိုင်စရာရှိသော ဖြစ်ရပ်များစွာရှိသည်။ အခွင့်အခါသင့်လျှင် ရေးပြနိုင်လိမ့်ဦးမည်ထင်သည်။ ယုတ္တိမဲ့သည်ထင်ရသော ဖြစ်ရပ်မှန်များ၊ ယုတ္တိရှိသည်ဟုထင်ရသော စိတ်ကူးပုံပြင်များ၊ ဤကမ္ဘာလောကတွင် ဒုနဲ့ဒေးရှိသည်။ မဆန်းပါ။ ကျနော်တို့ကသာ ရပ်တည်မှုအမြင် နည်းနာမှန်လျှင် ယုတ္တိ၊ အယုတ္တိကို ခွဲနိုင်ပါသည်။
ကိုကိုးကျွန်းသည် မြန်မာ့နိုင်ငံရေးအတိတ်ကို စိတ်ဝင်စားသူတို့ စူးစမ်းမမီသောအရာမဟုတ်ဟု မြကြေးမုံကရေးသည်။ ဟုတ်သည်။ စူးစမ်းမှုကို ကျနော်လှိုက်လှဲစွာကြိုဆိုသည်။ အာဃာတနှင့် အဂတိ တရားများကိုခွာ၍ လေ့လာနိုင်မည်ဆိုလျှင် အမှန်တရားကိုတွေ့ရမည်သာဖြစ်သည်။
ဤလောကကြီးတွင် အမှန်တရားအား စကားအရလိုလားသူများ အနမတဂ္ဂ များပြားလှသည်။ စင်စစ် အမှန်တရားဟူသည် မှန်သော်လည်း လူ့အလိုဆန္ဒကို လိုက်သည်မဟုတ်။ ကျောက်စိမ်းပျားရည် ပန်းကန်ထဲမှ စပျစ်သီးမှည့်လို ချိုမြထုံမွှေးသည်မဟုတ်။ သာမန်ကိုယ်ကျိုးစွန့်ရုံမျှမက ဘ၀နှင့်အသက် ကိုပင် စွန့်လှူရသည်အထိ ခါးသီးလေ့ရှိသည်။
ထို့ကြောင့်ပင် ခါးသီးသောအမှန်တရားကို လက်တွေ့ဘ၀တွင် စားသုံးလိုသူနည်းပါးနေခြင်း ဖြစ်ဟန်တူသည်။
အဖိနှိပ်ခံနင်းပြားများ၏ ဘ၀လွတ်မြောက်ရေးအတွက် ခါးသီးသောအမှန်တရားကို ကျောက်စိမ်းပျားရည် ပန်းကန်ထဲမှ စပျစ်ချိုချိုသီးများနှယ် နှစ်သက်မက်မောစွာစားသုံးသူများ တိုးများလာစေရန် ဆုတောင်းပါသည်။ ။
စေတနာဖြင့်
မြတ်နိုး |