ပြီးခဲ့သည့် (၂) နှစ်တွင် မင်းသားဘရက်ပစ်နှင့် လက်ထပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံမှ သမီးမိန်း ကလေး Zahara ကို မွေးစားခဲ့သည်။
ယမန်နှစ်တွင် အန်ဂျလီနာဂျိုလီက သမီးငယ် Shiloh ကို မွေးဖွားခဲ့သည်။ ထို့ပြင် ဂျိုလီတို့ ဇနီးမောင်နှံ က ဗီယက်နမ်မှ သားယောကျာ်းလေး Pax Thien ကို ယခုနှစ်အစောပိုင်းတွင် ထပ်မံမွေးစားခဲ့သည်။
အန်ဂျလီနာဂျိုလီက စစ်ပွဲကြောင့် ဒုက္ခအကြီးအကျယ်ရောက်နေသည့် နိုင်ငံဒေသများတွင် သူမ၏ အကူအညီပေးမှုကို မြှင့်တင်လုပ်ဆောင်လိုနေကြောင်း သူမနှင့်နီးစပ်သူတဦးကပြောကြောင်း Daily Mail တွင် ဖော်ပြထားသည်။
“သူ့အနေနဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီဖို့နဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အေအိုင်ဒီအက်စ်ရောဂါသည်တွေကို ကူညီဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ ဆွေးနွေးနေ ပါတယ်” ဟုလည်း အဆိုပါနီးစပ်သူက ပြောသည်။
အန်ဂျလီနာဂျိုလီက ကမ္ဘာတ၀န်း မိဘမဲ့ကလေးငယ်များ ဖောင်ဒေးရှင်းမှ ကလေးမွေးစားမှုဆိုင်ရာ အထူးကျွမ်းကျင်သူ ဒေါက်တာ Jane Aronson ထံမှ အကြံဥာဏ်နှင့် အကူအညီများကို ရယူခဲ့သည် ဟုလည်း သိရသည်။
အန်ဂျလီနာဂျိုလီက သူ့အနေဖြင့် ကမ္ဘာတ၀န်းရှိ နိုင်ငံများမှ ကလေးငယ်များကို မွေးစားခြင်းဖြင့် “သက်တန့်” မိသားစုတစုကို ထူထောင်ချင်ကြောင်း ယခင်က ပြောခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ချစ်ကြည်ရေးသံတမန်ဖြစ်သည့် အန်ဂျလီနာ ဂျိုလီသည် ပြီးခဲ့သည့် ၂၀၀၂ ခု မေလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ထမ်ဟင်ဒုက္ခသည်စခန်းသို့ လာရောက်၍ မြန်မာဒုက္ခသည်များအတွက် အကူအညီ အမေရိကန်ဒေါ်လာတသိန်းလှူဒါန်းခဲ့သည်။
ထို့ပြင် ၂၀၀၄ ခု အောက်တိုဘာတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင်လည်း အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည် မိသားစုတစုနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ။ |