ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၁၈ ဇွန် ၂၀၀၉

line

 

နအဖစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီများက လယ်သမားများအား ယခုမိုးတွင်း စပါးစိုက်ရာသီအတွက် ချေးငွေများ ထုတ်ချေးနေကြောင်း သိရသည်။

ဓနုဖြူ မြို့နယ်တွင် Gold Delta ကုမ္ပဏီက ဦးစီးပြီး ပျမ်းမျှ တဧက ငွေကျပ် (၅ဝ,ဝဝဝ) ချေးပေးနေကြောင်း ကိုယ်တိုင်ချေးငွေရယူခဲ့သူ လယ်သမားကြီးတဦးက ပြောသည်။

၎င်းက “သူတို့ပေးတာက ပျမ်းမျှ တဧက ငွေသားက ကျပ် (၅ဝ,ဝဝဝ) လောက်ပေးတယ်။ နောက် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို လိုသလောက် ယူလို့ရတယ်။ အဲဒါကို တန်ဖိုးသင့်တွက်ချက်ပြီး စုစုပေါင်းကို ချေးငွေအဖြစ် မှတ်ယူပြီး သူတို့ ကုမ္ပဏီနဲ့ စာချုပ် စာတမ်းတွေ လုပ်ရတယ်။ သက်သေအနေနဲ့ သက်ဆိုင်ရာ စိုက်ပျိုးရေးတို့၊ မြို့နယ် အာဏာပိုင်တို့ ပါတယ်။ ဒီငွေတွေကို စပါးပေါ်ချိန်ကျမှ ပြန်ဆပ်ရမယ်။ တလကို (၂) ကျပ်တိုး၊ တနှစ် (၂၄) ရာခိုင်နှုန်း နဲ့ တိုးရင်းပေါင်း ပြန်ဆပ်ရမယ်” ဟု ပြောသည်။

Gold Delta ကုမ္ပဏီကလည်း စပါးဝယ်ပြီး နိုင်ငံခြားပို့မည်ဖြစ်သည့်အတွက် လယ်သမားများအနေဖြင့် ၎င်းတို့ထံသို့ စပါး သို့မဟုတ် ကြိတ်ခွဲပြီး ဆန်များကို ပေါက်ဈေးအတိုင်း ရောင်းချနိုင်ကြောင်း အဆိုပါ ဓနုဖြူမှ လယ်သမားကြီးက ပြောသည်။

၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အတွက် အတော်လေးကို အကျိုးရှိတဲ့ အစီအစဉ်ပဲ။ နှစ်တိုင်းဆို အစိုးရက စိုက်ပျိုးစရိတ်ချေးငွေ ဆိုပြီး တဧက ကျပ် (၁) သောင်း ထုတ်ချေးတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒီငွေက ဘာမှ လုပ်လို့ မရဘူး။ ထုတ်ယူရ ခက်တာ။ နောက် ဟိုနုတ်ဒီနုတ်တာတွေကြောင့် ကိုယ့်အတွက် ငွေတောင် သိပ်မကျန်ဘူး။ ခု ကုမ္ပဏီက လာလုပ်ပေးတာကတော့ အထိုက်အလျောက် လုံလောက်တယ်။ နောက် စပါး မပေါ်မချင်းလည်း ထပ်ပြီး ထောက်ပံ့ပေးတာ (ချေးပေးတာ) လုပ်ဦးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

Gold Delta ကုမ္ပဏီသည် ဧဒင် ကုမ္ပဏီပိုင်ရှင် နာမည်ကြီး လုပ်ငန်းရှင် ဦးချစ်ခိုင်က လယ်သမားများကို ငွေထုတ်ချေး၊ စပါးပေါ်ချိန် စပါးဝယ်ပြီး နိုင်ငံခြားတင်ပို့ရန်အတွက် ပြီးခဲ့သည့် ဧပြီလကမှ ခွင့်ပြုချက် ရယူ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီသည် မိတ်ဖက် လုပ်ငန်းရှင်အချို့နှင့်အတူ အရင်းအနှီး ကျပ်ငွေ (၁ဝ) ဘီလီယံ ရင်းနှီးထားကြောင်း ဆန်ကုန်သည်အသိုင်းအ၀န်းမှ သိရသည်။

အလားတူ ရေလုပ်ငန်းရှင် သူဌေးကြီးများဖြစ်သည့် ဦးဌေးမြင့်နှင့် ဦးလှမောင်ရွှေတို့ကလည်း ဖျာပုံမြို့နယ်အတွင်း၌ တောင်သူများကို ချေးငွေ ထုတ်ပေးနေကြောင်း သိရသည်။ ၎င်းတို့က လယ်သမားများအား တဧက ကျပ် (၆) သောင်းနှုန်းကို အရစ်ကျစနစ်နှင့် တလ (၂) ကျပ်၊ တနှစ် (၂၄) ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးမည်ဟု သိရသည်။

ဘိုကလေးမြို့နယ်အတွင်း၌လည်း ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာဒယ်လ်တာ ကုမ္ပဏီက တဧက ကျပ် (၅) သောင်းနှုန်း သတ်မှတ်ပြီး ငွေထုတ်ချေးပေးလျက်ရှိသည်။ ၎င်းတို့ ကုမ္ပဏီကမူ လောလောဆယ် မိုးစပါးအတွက် ကျပ်ငွေ (၁) ဘီလီယံ၊ နွေစပါးအတွက် ကျပ်ငွေ (၂) ဘီလီယံ ထုတ်ချေးငွေအဖြစ် လျာထားကြောင်း သိရသည်။

မအူပင်မြို့နယ်၌လည်း ရေဝတီကုမ္ပဏီ၊ ကျိုက်လတ်မြို့နယ်၌ ဒဂုံအင်တာနေရှင်နယ် ပိုင်ရှင် ဦးဝင်းအောင်၏ ကျိုက်လတ်ဆန်စပါး ထုတ်လုပ်ရေး ကုမ္ပဏီတို့က ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

လယ်သမားများလိုအပ်နေသည့် စိုက်ပျိုးစရိတ် ချေးငွေများကို ယခုကဲ့သို့ ကုမ္ပဏီကြီးများက ဦးဆောင်ပြီး ချေးပေးနေခြင်းသည် စပါးအထွက်နှုန်းတိုးပြီး လယ်သမားများ အကျိုးရှိမှာ သေချာကြောင်း၊ သို့သော် လယ်သမားများအား ငွေထုတ်ချေးပြီး စည်းရုံးရေး ဆင်းထားရန် အာဏာပိုင်များက အဆိုပါ ကုမ္ပဏီအသီးသီးကို ညွှန်ကြားထားကြောင်း ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ဝါရင့် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “လယ်သမားတွေကို ငွေထုတ်ချေးပေးနေတယ်ဆိုပေမယ့် မယက၊ မြေစာရင်း၊ စိုက်ပျိုးရေး စတဲ့ အစိုးရပိုင်း ဌာနဆိုင်ရာက ထောက်ခံတဲ့ လယ်သမားတွေကိုပဲ ထုတ်ချေးပေးတာ မကောင်းပါဘူး။ အစိုးရကို ထောက်ခံသူ တွေကိုသာ ထုတ်ချေးပေးနေတာ။ နောင်နှစ်တွေ စိုက်ပျိုးစရိတ် ချေးငွေရဖို့လည်း မသေချာသေးပါဘူး” ဟု ပြောသည်။

လုပ်ငန်းရှင်သူဌေးများက အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီအသစ်များ အလျင်အမြန် ဖွဲ့စည်းပြီး ချေးငွေများ ထုတ်ပေးနေခြင်းသည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဝင်မည့် အဆိုပါ လုပ်ငန်းရှင်ကြီး များအနေဖြင့် သက်ဆိုင်ရာဒေသများမှ လယ်သမားများ၏ ထောက်ခံမှုရရန် ကြိုတင်အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဝေဖန်ပြောကြားနေကြသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook