ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ပြည်တွင်း၌ ဆန်သယ်ယူပို့ဆောင်မှုများကို ဖမ်းဆီး
NEJ / ၁၃ ဇူလိုင် ၂၀၀၇
line

 

နအဖစစ်အစိုးရက မြန်မာနိုင်ငံအတွင်း ဆန်စပါးကို လွတ်လပ်စွာ စိုက်ပျိုး၊ သိုလှောင်၊ ကြိတ်ခွဲ၊ သယ်ဆောင်၊ ရောင်းချနိုင်သည်ဟု  အမိန့်ထုတ်ထားသော်လည်း ဆန်သယ်ယူပို့ဆောင်မှုများကို ဖမ်းဆီးမှုများ ပြုလုပ်နေသည်။  

ယခုလ (၁၀) ရက်တွင် ရန်ကုန်မှ အထက်မြန်မာနိုင်ငံ တောင်ငူနှင့်မန္တလေးမြို့သို့ တင်ပို့နေသည့် ဆန်ကား (၁၆) စီးကို အင်းတိုင်ဂိတ်နှင့် ပဲခူးဂိတ်တို့တွင် ဖမ်းဆီးခြင်းဖြစ်ပြီး ဆန်အိတ်စုစုပေါင်း (၈,၀၀၀) ခန့်ရှိကြောင်း ဆန်စပါးကုန်သည်ကြီးများအသင်းမှ အမှုဆောင်တဦးက ပြောသည်။

၎င်းက “ပါမစ်မပါလို့ဆိုပြီးဖမ်းတာ။ တိုင်းမှူးအမိန့်ဆိုပြီး ဆန်အိတ်တွေ အားလုံးချခိုင်းပြီး ကားတွေ ပြန်လှည့်ရတယ်။ ဆန်အိတ်တွေကို အပြီးပဲသိမ်းလိုက်သလား၊ ဒါမှမဟုတ် မတန်တဆဈေးနဲ့
ဈေးဖြတ်ဝယ်လိုက်မလားဆိုတာ ဘယ်သူမှမသိနိုင်သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းတွင် ရန်ကုန်မှ အိုကေဆန်ပွဲရုံပိုင်ရှင် ဦးငြိမ်းနှင့် ဆန်ကုန်သည် အချို့ကို နယ်သို့ဆန်တင်ပို့ခဲ့မှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးက ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန်မှဆန်ကို အခြားပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။

ထို့နောက်ပိုင်း ဆန်သယ်ပို့သူများသည် ဘုရင့်နောင် ဆန်စပါး ကုန်စည်ဒိုင်၌သာမက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှာပါ ဆန်တင်ခွင့်ပါမစ် ယူပြီးမှသာ ဆန် သယ်ဆောင်ခွင့်ရှိသည့်အခြေအနေ ဖြစ်လာခဲ့သည်။

“ဒါပေမယ့် အခုနောက်ပိုင်း ကုန်သည်တွေက ကုန်စည်ဒိုင်မှာပဲ ပါမစ်ယူပြီး ရန်ကုန် စည်/ပင်က ပါမစ်မတောင်းဘဲ တင်ပို့နေကြတာ ကြာလှပြီ။ ပါမစ်ယူရမယ့်အမိန့်ကို ရုပ်သိမ်းလိုက်တာ မဟုတ် ပေမယ့် လွှတ်တုန်းက လွှတ်ထားပြီး အခု ရုတ်တရက် ဘာအကြောင်းမှမရှိဘဲ ဖမ်းဆီးလိုက်တာ ဖြစ်တယ်” ဟု ဆန်ကုန်သည်ကြီးများအသင်းမှ အဆိုပါအမှုဆောင်ဖြစ်သူက ရှင်းပြသည်။

ဖမ်းဆီးခြင်းခံရသည့်ဆန်များတွင် ဆန်ပွဲရုံ အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသည့် ဆန်ချောများ
အပါအ၀င် ဆန်အမျိုးစား မျိုးစုံပါဝင်ကြောင်း သိရသည်။ အလားတူ ဧရာဝတီတိုင်းမှ ရန်ကုန်
မော်တင် ဆန်စပါးကုန်စည်ဒိုင်သို့ မော်တော်များနှင့် တင်ဆောင်လာသည့် ဆန်အိတ်များမှ နွေဆန် (ထိပ်စ) ဆန်ကွဲမပါအောင် ကြိတ်ခွဲထားသည့် ဆန်အိတ်များကို ဆန်စပါးကုန်စည်ဒိုင် အမှုဆောင် များက စစ်ဆေးကာ သိမ်းဆည်းလိုက်ကြောင်း အသိမ်းခံရသည့် ဆန်ကုန်သည်တဦးက ပြောသည်။

နွေဆန် (ထိပ်စ) များကို တတင်းခွဲ တအိတ်လျှင် ကျပ် (၁၆,၈၀၀) ထက် ဈေးတက်မရောင်းရန် ဆန်စပါးကုန်စည်ဒိုင်က ယခင်လဆန်းပိုင်းက အမိန့်ထုတ်ခဲ့သည်ဟု သိရသည်။

“ခုဟာက ဧရာဝတီတိုင်းမှာ ကျနော့်ဆန်စက်ရှိတယ်၊ အဲဒီမှာကြိတ်ခွဲလာတဲ့ဆန်ကို ရန်ကုန်မော်တင် ပွဲရုံက ကျနော့်ဆန်ဒိုင်မှာ ရောင်းဖို့တင်လာတာ။ အဲဒါကိုဖမ်းပြီးသိမ်းတယ်၊ ရောင်းလည်း မရောင်းရ သေးဘူး၊ ဈေးဖြတ်တာမျိုးလည်း မလုပ်ရသေးဘူး။ ဒါဆိုလည်း ဆန်ကြမ်းတွေကို အကောင်းစား
ထိပ်စ မကြိတ်ခွဲရ၊ မသယ်ရလို့ အမိန့်ထုတ်လိုက်ပါလား” ဟု ထိုဆန်ကုန်သည်က ပြောသည်။

ယခုကဲ့သို့ ဆန်ဖမ်းဆီးမှုကို ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသိမ်းဆည်းထားသည့် ဆန်အိတ်များကို ဆန်စပါးကုန်စည်ဒိုင်က ဈေးဖြတ်ပြီး ငွေပြန်
ပေးမည် မပေးမည်ကို မသိနိုင်သေးကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က ပေါ်ဆန်းမွှေး တတင်းခွဲတအိတ်လျှင် (၃၀,၀၀၀) ကျပ်နီးပါး ဈေးပေါက်ခဲ့သည်။      ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook