မစ္စတာဘန်ကီမွန်းနှင့်တွေ့ဆုံခဲ့ခြင်းနှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီက ယနေ့ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
၎င်းက “မစ္စတာဘန်ကီမွန်းနဲ့ တွေ့ရစဉ်ပြောခဲ့တဲ့ အချက်အလက် တွေရယ်။ တွေ့ချိန်နည်းပါးခဲ့တာရယ်တွေကို လူထုသိအောင် ဖော်ပြထားတာပါ။ အန်အယ်လ်ဒီဘက်က အားရမှုမရှိဘူးပေါ့ဗျာ” ဟု ဆိုသည်။
မြန်မာ့နိုင်ငံရေးပြဿနာများအား ကူညီဖြေရှင်းရန်လာရောက်သည့် မစ္စတာဘန်ကီမွန်းကို ဇူလိုင် (၃) ရက်တွင် အန်အယ်လ်ဒီပါတီဗဟို အလုပ်အမှုဆောင် ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်း တို့က အခြားသော နိုင်ငံရေးပါတီ (၁၀) ခုမှ လူများနှင့်အတူ နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။
“တွေ့စမှာပဲ မစ္စတာဘန်ကီမွန်းက အချိန်မရလို့ပါတဲ့။ သူနဲ့ နံပါတ်ဝမ်းနဲ့ တွေ့ခဲ့ပြီးပါပြီတဲ့။ နိုင်ငံရေးပါတီတွေကလည်း ဒီမိုကရေစီရရှိရေးအတွက် တစည်းတလုံးနဲ့ ဆောင်ရွက်ဖို့လိုပါတယ်လို့ ပြောတယ်။ ပြောပြီးတော့ နိုင်ငံရေးပါတီတခုကို (၂) မိနစ်
ပဲ အချိန်ရမယ်။ (၂) မိနစ်ပဲ တင်ပြပါလို့ပြောတယ်။ အဖွဲ့ချုပ်က (၂) မိနစ်ဆိုတာ အချိန်နည်းလွန်းတယ် မလိုက်နာနိုင်ပါဘူးလို့ ပြန်ပြောခဲ့ရတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်း၏ ကိုယ်ရေးအရာရှိက မစ္စတာဘန်ကီမွန်း၏ ဧည့်ဆောင်သို့ အန်အယ်လ်ဒီကိုယ်စားလှယ်များအား ခေါ်ဆောင်သွားကာ (၁၀) မိနစ်ခန့် ထပ်မံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ သီးသန့်တွေ့ဆုံရာတွင် အန်အယ်လ်ဒီပါတီဘက်မှ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေး ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည်များအား ပြင်ဆင်ပေးရေးတို့ကို အဓိကထား ညှိနှိုင်းပေးစေလိုသည်ဟု ဆွေးနွေးတင်ပြခဲ့ကြောင်း ဦးအုံးကြိုင်က ပြောသည်။
မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ခရီးစဉ်မစတင်မီကပင် ပြောကြားခဲ့သည်။
သို့သော် လာရောက်ချိန်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် လုံလောက်သောအချိန်မပေးနိုင်ခဲ့ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင် တိုင် တောင်းဆိုခဲ့သည်ကို ပယ်ချခံခဲ့ရသည်။
မစ္စတာဘန်ကီမွန်းကိုယ်တိုင်ကလည်း ဘန်ကောက်လေဆိပ်တွင် နိုင်ငံတကာသတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုခရီးစဉ် အတွင်း ၎င်းအနေဖြင့် များစွာစိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
|