ထိုင်းယာဉ်ထိန်းရဲတဦး၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံတွင်းရောက်လာသည့်
ရှမ်းလူမျိုးများ ဖမ်းဆီးခံရ
ကိုဝိုင်း / ၉ ဇန်န၀ါရီ ၂၀၀၇
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်မြို့မှတဆင့် ချင်းမိုင်တွင်ကျင်းပနေသည့် ပန်းပြပွဲသို့ သွားရောက်မည့် ရှမ်းလူမျိုး အယောက် (၉၀) အား လမ်းခုလတ်၌ ထိုင်းရဲများက ဖမ်းဆီးလိုက်သည်။
ချင်းရိုင်-ချင်းမိုင် အဝေးပြေးလမ်းမပေါ်၌ ယခုလ (၆) ရက်နေ့တွင် ဖမ်းဆီးခြင်းဖြစ်ပြီး ထိုခရီးစဉ်ကို ထိုင်းလူမျိုး ခရိုင်အဆင့် ယာဉ်ထိန်းရဲ ပီချိုင်းမွန်မာဆိုသူက ဗင်ကား (၁၀) စီးဖြင့်သယ်ဆောင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြသည်။
ဝီယံပါပေါင်ခရိုင်ရဲအဖွဲ့က အဆိုပါကားများထဲမှ ရှမ်း (၁၀) ယောက်ပါသည့် ဗင်ကားတစီးအား တားဆီး စစ်ဆေးရာမှ လက်မှတ်အတုများ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ဤအမှုပေါ်ပေါက်လာခြင်း ဖြစ်သည်။
အခြားရှမ်းများအား မောင်းခရိုင်အတွင်းရှိ ၀ပ်ပါဂေါ်ထိုင်ဘုန်းကြီးကျောင်း၌ ထပ်မံတွေ့ရှိသော်လည်း ၎င်းတို့အား တင်ဆောင်သွားသည့် ဗင်ကား (၉) စီးမှာ လွတ်မြောက်သွားသည်ဟု အဆိုပါသတင်း၌် ဖော်ပြသည်။
ဖမ်းမိသည့် ယာဉ်မောင်းသူနှင့် ခရီးစီစဉ်သူ ယာဉ်ထိန်းရဲတို့အား စစ်ဆေးနေပြီး ရှမ်းများကိုမူ စစ်ဆေးပြီးနောက် မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အင်တာနက်သတင်းများအရ သိရသည်။
မယ်ဆိုင်မြို့ခံ မြန်မာစီးပွားရေးသမားတဦးက ချင်းမိုင်သို့သွားမည့် ရှမ်းလူမျိုးစုစုပေါင်း (၁၉၀) ရှိပြီး အဖမ်းခံရသည့် အယောက် (၉၀) မှာ ပထမအသုတ် ထွက်သွားသူများဖြစ်သည်ဟုပြောသည်။
၎င်းက “ကျနော့်ကို မသွားဖြစ်သေးဘဲ ကျန်နေခဲ့တဲ့ ရှမ်းအဖွားကြီးတွေ ကိုယ်တိုင် (၆) ရက်နေ့က ပြောတာ။ သူတို့က မူဆယ်၊ နမ့်ခမ်း၊ ကွန်ဟိန်းတို့ ကန်ယန်း၊ ပင်လုံတို့ဘက်ကလာတာ။ အကုန်လုံး အယောက် (၁၉၀) ရှိတယ်တဲ့။ အဲဒီ (၉၀) အဖမ်းခံရတယ်လို့ကြားလို့ မသွားသေးဘူး။ လိုက်လုပ်ပေးတဲ့ လူက မှတ်ပုံတင်လည်းယူထားတယ်၊ ဘတ် (၅,၀၀၀) လည်း ယူသွားတယ်တဲ့။ သူတို့နေရာကို ပြန်လို့ မရသေးဘူး၊ အခု ဟိုဘက်ကမ်းမှာပဲ နေနေတယ်” ဟုပြောသည်။
ခရီးစဉ်စီစဉ်သည်ဆိုသည့် ထိုင်းလူမျိုး ယာဉ်ထိန်းရဲသည် မြန်မာဘက်က ပိတ်ပင်ထားသည့်ကုန်များ အား မှန်လုံကားများဖြင့် တာချီလိတ်သို့ သယ်ဆောင်နေသည့် မြန်မာနိုင်ငံသားများထံမှ တရားမ၀င် ငွေကောက်စားနေသူဖြစ်ကြောင်း အဆိုပါစီးပွားရေးသမားကပြောသည်။
တာချီလိတ်-မယ်ဆိုင်လမ်းသည် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ခိုးသွင်းရာ တွင် နာမည်ကြီး၍ ထိုင်းရဲများကိုယ်တိုင်မောင်းသည့်ကားများဖြင့် သယ်ပို့မှုများရှိနေပြီး မကြာခဏ ဖမ်းဆီးမှုများလည်း ရှိနေသည်။ ။