ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း သစ်လုံးများတင်ဆောင်ထားသည့် ကားအစီး (၄၀) ခန့်ကို တရုတ်နိုင်ငံဘက်သို့ ခိုးထုတ်လာစဉ် မြန်မာစစ်အစိုးရ၏တပ်များက မကြာသေးမီရက်ပိုင်းက စတင်သည့် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည်။
ထိုသစ်များကို ဒေသခံအချို့နှင့် တရုတ်နိုင်ငံသားများက သစ်တောများအတွင်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ယခုလ (၁၆) ရက်တွင်စတင်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံတပ်များ၏ စစ်ဆင်ရေး၌ ဖမ်းဆီးရမိသည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
“မံစီမြို့နယ် အင်ဘာဘာဆိုတဲ့နေရာမှာ သစ်ကားတွေက အစီး (၄၀) လောက် ဖမ်းမိသွားတယ်။ တရုတ်နိုင်ငံသား (၄၂) ယောက်လည်း ဖမ်းဆီးခံရတယ်။ မပခက တပ်ရင်း (၁၀) ရင်းနဲ့ ရမခက (၂) ရင်းနဲ့ပေါင်းပြီး ရိက္ခာ (၂) ပတ်စာနဲ့ စစ်ဆင်ရေးလုပ်ခဲ့တာ။ တရုတ်ဘက်ကို ထွက်မယ့်အပေါက်မှာ ပိတ်ဆို့ဖမ်းခဲ့တာ” ဟု တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောကြားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း (၅) ရင်းနှင့် ခြေလျင်တပ်ရင်း (၂) ရင်းတို့သည် မံစီမြို့နယ်မှ တရုတ်နယ်စပ် မန်ဝိန်းကြီးအထိ ဖြန့်ခွဲလှုပ်ရှားခဲ့သကဲ့သို့ မိုးမိတ်အခြေစိုက် ခမရ (၂၇၆) နှင့် ခလရ (၂၂၃) တို့ကလည်း ယခုလ(၁၈) ရက်တွင် အင်အားဖြည့် ပူးပေါင်း လှုပ်ရှားလာကာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃) နှင့် (၁၄၄) တို့ကလည်း နမ်းခမ်းမြို့နယ် ပလောင်ဒိန်ဆာဒေသဘက်တွင် သွားရောက်ပိတ်ဆို့လှုပ်ရှားခဲ့သဖြင့် ကြီးမားသည့် စစ်ဆင်ရေးတခုဖြစ်သည်ဟု ၎င်းကပြောသည်။
ယခု ဖမ်းဆီးရမိသည့်သစ်များ ထုတ်လုပ်ရာဒေသအတွင်း သစ်ထုတ်လုပ်ခွင့်ကို ဗိုလ်ချုပ်အုန်းမြင့်၏ ယောက်ဖတဦး အစုရှယ်ယာအများဆုံးထည့်ဝင်ထားသည့် အောင်မိုင်ကုမ္ပဏီက ရရှိထားပြီးဖြစ်သကဲ့သို့ ယခုဖမ်းဆီးရမိထားသည့်သစ်များကို ၀ယ်ယူခွင့်ကိုလည်း ယင်းကုမ္ပဏီကရရှိထားသည်ဟု သစ်ကုန်သည်များနှင့် နီးစပ်သူများကပြောသည်။
သစ်တောများအတွင်း သစ်ခိုးထုတ်သည်ကို နအဖစစ်အစိုးရက ယခုကဲ့သို့ဖမ်းဆီးနေသော်လည်း တရုတ်ပြည်ထဲ သစ်တရားဝင်ရောင်းချခွင့်ကို အေးရှားဝေါလ်ကုမ္ပဏီအပါအ၀င် နအဖဗိုလ်ချုပ်များ၏ အသိုင်းအ၀ိုင်းကသာ ရရှိနေပြီး အကြီးအကျယ်လုပ်ကိုင်နေသည်။ ။ |