မလေးရှားနိုင်ငံတွင် ကျင်းပသည့် (၃၉) ကြိမ်မြောက် မာဒေးကားဖလားဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဇင်ဘာဘွေအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ ရောက်ရှိသွားသည်။
ယမန်နေ့ညနေက မြန်မာနှင့် ဇင်ဘာဘွေတို့ ယှဉ်ပြိုင်ကြရာ ပထမပိုင်း (၃၃) မိနစ်၌ မြန်မာအသင်း အတွက် အဖွင့်ဂိုးကို ရှေ့တန်းတိုက်စစ်မှူး ရန်ပိုင်က စိုးမြတ်မင်းပို့ပေးသည့် ဘောလုံးမှတဆင့် ကန်သွင်းယူကာ (၁-၀) ဂိုးဖြင့် ပထမပိုင်းတွင် မြန်မာအသင်းက ဦးဆောင်ကစားသည်။
ဒုတိယပိုင်း ပြန်စပြီး (၆) မိနစ်၌ ဇင်ဘာဘွေအလယ်တန်းလူ မူရူမာဗီလီ မိုယိုက မီတာ (၃၀)
အကွာမှ အလွတ်ကန်ဘောဖြင့် ချေပဂိုးသွင်းယူသည်။ ဒုတိယပိုင်း (၁၂) မိနစ်၌ မြန်မာအတွက် အနိုင်ဂိုးကို ရန်ပိုင်က ခေါင်းတိုက်သွင်းယူလိုက်ပြီး ပွဲပြီးခါနီး (၁) မိနစ်အလိုတွင် လူစားဝင်လာသည့် ရာဇာဝင်းသိန်းက အပိတ်ဂိုး ထပ်မံသွင်းယူသဖြင့် မြန်မာအသင်း(၃-၁) ဂိုးဖြင့်အနိုင်ရရှိသည်။
ဘောလုံးပွဲသို့ မလေးရှားနိုင်ငံရောက် မြန်မာပရိသတ် (၁) သောင်းခန့် လာရောက်ကြည့်ရှုကြပြီး အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) အဖွဲ့ဝင်များနှင့် အင်အား (၃၀) ခန့်က ဒေါ်အောင် ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဦးဝင်းတင်တို့ လွတ်မြောက်ရေးအတွက် ပိုစတာများကိုင်ဆောင်ဆန္ဒပြကာ အားပေးကြသည်။
ဆန္ဒပြသူတဦးဖြစ်သည့် ကိုအောင်ကျော်ဆက်က “ဒီမှာ ဗမာတွေ စုရပ်အနေနဲ့လာကြမယ်။ နိုင်ငံ ကိုယ်စားပြုအနေနဲ့ လာပြီးကန်တဲ့ဘောလုံးအသင်းကို သူတို့လာပြီးအားပေးကြမယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ နိုးကြားအောင် လှုံ့ဆော်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်တယ်။ ဘောလုံး ပွဲကတဘက်၊ နိုင်ငံရေးလှုပ်ရှားမှုကတဘက် သူတို့အနေနဲ့ (၂) ခုယှဉ်ပြီး ကနေ့ ဗမာပြည်မှာ ဘာဖြစ် နေလဲဆိုတာ နားလည်လာတယ်။ စိတ်ဝင်စားလာတယ်” ဟု ပြောသည်။
လာရောက်အားပေးသည့် မြန်မာပရိသတ်တဦး ပွဲကြည့်စဉ်မှ အရှိန်လွန်ကာ ကွင်းအတွင်း ၀င်ပြေး
သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။
ဇင်ဘာဘွေအသင်းသည် အသင်းကောင်းတသင်းဖြစ်ပြီး မြန်မာအသင်းထက် ကြံ့ခိုင်မှုနှင့် ဘောလုံး ပညာ သာလွန်ကြောင်း၊ မြန်မာကစားသမားများ တကယ်တမ်း ကောင်းကောင်းမကစားနိုင်ခဲ့ကြောင်း၊ အနိုင်ရသဖြင့် အရမ်းဝမ်းသာပါကြောင်းနှင့် မြန်မာအသင်းသားများအနေဖြင့် ချန်ပီယံဆု ကာကွယ်
ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ် ဘရာဇီးနိုင်ငံသား မားကို့စ်အန်တိုနီယို ဖလော်ပါက ပွဲအပြီး ပြောသည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ်များ၌ လီဆိုသိုအသင်းကို (၁-၀)၊ မလေးရှားယူ -၂၃ အသင်းကို
(၂-၁)၊ လာအိုအသင်းကို (၁-၀) ဂိုးတို့ဖြင့် အနိုင်ရကာ ရှုံးပွဲမရှိ အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲအဖြစ် စင်ကာပူအသင်းကို (၃-၁) ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲတက်လာ သည့် မလေးရှား ယူ-၂၃ အသင်းနှင့် မနက်ဖြန် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ။
|