တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် မြန်မာအလုပ်သမား (၁၂) ဦးအား ထိုင်းရဲက တရားစွဲဆိုရန် အတွက် ယမန်နေ့က မဲဆောက်မြို့တွင် ဖမ်းဆီးလိုက်သည်။
မဲဆောက်မြို့ မယ်ပအရပ် အမှတ် (၅၆၈) အပိုင်း (၂) တွင်ရှိသည့် NC Union Garment အထည် ချုပ်စက်ရုံမှ အလုပ်သမား (၉) ဦးနှင့် အလုပ်သမ (၃) ဦးတို့အား ဝတ္တရားနှောင့်ယှက်မှုဖြင့် တရား စွဲဆိုသွားမည်ဟု မဲဆောက်ရဲစခန်းမှ ရဲအရာရှိတဦးဖြစ်သည့် နိုင်အမ်နို့က ပြောသည်။
ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က အဆိုပါစက်ရုံတွင် အလုပ်လုပ်နေကြသည့် ထိုင်းအလုပ်သမ ဖိအု နှင့် မြန်မာအလုပ်သမ မဇာဇာတို့ အလုပ်ခွင်အတွင်း အချင်းများပြီး အပြန်အလှန် ရိုက်ပုတ်တွန်း ထိုးမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖိအုမှ မဲဆောက်ရဲသို့ တိုင်ကြားခဲ့ရာ မဲဆောက်ရဲက မဇာဇာအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားမည့်အခြေအနေတွင် အခြားမြန်မာအလုပ်သမား (၁ဝဝ) ကျော် က သူမအားဖမ်းဆီးသွားမည်ဆိုပါက မိမိတို့လည်းလိုက်မည်ဟု ဆိုလာသဖြင့် ရဲနှင့် မြန်မာအလုပ် သမားကြား အခြေအနေတင်းမာလာပြီး နောက်ထပ်ထိုင်းရဲနှင့် အချုပ်ကားများ ရောက်ရှိလာကာ ၎င်းစက်ရုံမှ မြန်မာအလုပ်သမားအားလုံးအား ဖမ်းဆီးခေါ်ဆောင်သွားသည်။
အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား (၁၃၆) ဦးရှိသည့်အနက် (၁ဝ၈) ဦးမှာ အလုပ်လုပ်ခွင့် လက်မှတ်ရှိပြီး (၂၈) ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများဖြစ်သည်။
လက်မှတ်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းရဲမှ ပြန်လွှတ်ပေးလိုက်ပြီး လက်မှတ်မရှိသူ (၂၈) ဦးအား ထိုင်းလဝကမှတဆင့် မြန်မာပြည်သို့ ပြန်ပို့မည်ဟုသိရသည်။
မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ (၁၂) ဦးမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများဖြစ်ပြီး ၎င်းတို့မှာ ကိုသက်ဦး၊ ကိုအာကာထွန်း၊ ကိုဇော်ထက်၊ ကိုသီဟ၊ ခွန်ပေါရန်း၊ ကိုကျော်ကြီး၊ ကိုရဲလေး၊ ကိုကျော်သူ၊ ကိုထွန်းထွန်း၊ မနွယ်နီလှိုင်၊ မအိမြနှင့်
မသဇင်ဦးတို့ဖြစ်သည်။
ထိုင်းတရားဥပဒေ ပုဒ်မ (၁၃၉) အရ အာဏာပိုင်များအား တာဝန်ဝတ္တရားနှောင့်ယှက်မှုသည်
(၄) နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ဘတ်ငွေ (၄,ဝဝဝ) ထက်မပိုသော ငွေဒဏ်ကျခံရမည် ဖြစ်သည်။
အဆိုပါစက်ရုံမှ အလုပ်သမားတဦးက "ဒီကိစ္စဟာ လုံးဝမတရားဘူး။ ဒီလူတွေလွတ်မြောက်ရေး အတွက် သက်ဆိုင်ရာအလုပ်သမားအဖွဲ့တွေ၊ ထိုင်းရှေ့နေအဖွဲ့၊ မြန်မာရှေ့နေအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်" ဟု ပြောသည်။
မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်
ရှားမှုကော်မတီ (JACBA) နှင့် မဲဆောက်ရှိ ထိုင်းရှေ့နေများအဖွဲ့၏ အလုပ်သမားရေးရာ ဥပဒေ ဆွေးနွေး အကြံပြုဌာန Labor Law Clinic (LLC) မှ ယခုကိစ္စအတွက် လိုက်လံဆောင်ရွက် ပေးလျက် ရှိသည်။
LLC မှ ထိုင်းဝန်ထမ်းတဦးက "ရဲက သူတို့ကိုတင်တဲ့အမှုပေါ်မှာကြည့်ပြီး ကျနော်တို့အနေနဲ့ လိုအပ်တဲ့ကူညီမှုတွေ ပေးသွားမယ်" ဟု ပြောသည်။
အချင်းများခဲ့ကြသည့် မဇာဇာနှင့် ဖိအုတို့အား အချင်းများမှုအတွက် မဇာဇာအား ဒဏ်ငွေ (၂ဝဝ) ဘတ်နှင့် ဖိအုအား ဒဏ်ငွေ (၁ဝဝ) ဘတ်စီ မဲဆောက်ရဲစခန်းက ဒဏ်ငွေရိုက်ခဲ့သည်။ ။
|