ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

ရေပေးဝေမှု အခက်အခဲကြောင့်
စည်ပင်နှင့်လျှပ်စစ် မကျေလည်ဖြစ်

မျိုးချစ်သူ / ၂၄ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့တွင်း (၆) မြို့နယ်ရှိ နေရာအနှံ့အပြားတွင် လျှပ်စစ်မီးပျက်နေသည့်အတွက် ပြည်သူတို့ ရေအခက်အခဲ ဖြစ်ရသည့်အပေါ် ရန်ကုန်စည်ပင်နှင့် လျှပ်စစ်ပေးဝေရေးအဖွဲ့တို့အကြား မကျေမလည်ဖြစ်နေကြသည်။

“ကျနော်တို့စည်ပင်က ရန်ကုန်အတွက် ရေပေးဝေရေးစီမံကိန်းတွေ လုပ်နေတာ ရေက ဖူလုံတယ်၊ တနေ့ကို ဂါလန်(၁၄၅) သန်း ပေးနိုင်တယ်။ အခု ငမိုးရိပ် ရေးပေးဝေရေးစီမံကိန်း ဒုတိယအဆင့်က ရေဂါလန် (၁၃၅) သန်း ထပ်ပို့ပေးနိုင်ဖို့ လုပ်နေတယ်။ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ပြီးမယ်လို့ ပြောလို့ရတယ်။ ကျနော်တို့က ဘယ်လောက်ပဲ ရေရအောင် လုပ်ပါစေ၊ လျှပ်စစ်မီးမရရင် အလကားပဲ။ ပြည်သူတွေကလည်း ရေမရရင် စည်ပင်ကိုပဲ အပြစ်ပြောတယ်။ အဲဒီတော့ လျှပ်စစ်ပေးဝေရေးအဖွဲ့နဲ့ ကျနော်တို့ မကြာခဏ စကားများရတယ်” ဟု ရန်ကုန်စည်ပင်မှ အရာရှိတဦးက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်၌ မီးပျက်မှုအနေအထား အဆိုးဆုံးအခြေအနေဖြစ်နေသည့်အတွက် ရေရရှိမှုလည်း အဆိုးဆုံးအနေအထား သို့ ရောက်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ မီးလာချိန်တွင် ဗို့အား မပြည့်ခြင်းတို့ကြောင့် နံနက်မှ ညသန်းခေါင်အထိ လူနေရပ်ကွက်များတွင် ရေတင်မရကြောင်း၊ ညသန်းခေါင်မှ နံနက် (၄) နာရီခန့်အထိ ရေစောင့်တင်ကြရပြီး အဆိုးဆုံးမှာ အထပ်မြင့်တိုက်ခန်းတို့တွင် ရေတင်ရခက်ခဲကြောင်း သိရသည်။

“မီးပျက်တာက ဘာကြောင့်၊ ညာကြောင့်လို့ သူတို့ပြောတာက လွယ်တယ်၊ ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်တာက ကျနော်တို့စည်ပင် ဖြစ်နေတယ်။ မီးပျက်တာက ရန်ကုန်မှာ ရိုးနေပြီလေ၊ ရေမရရင်တော့ ကျနော်တို့အပြောခံရမှာပဲ။ ဘာဖြစ်ဖြစ် ကျနော်တို့နဲ့ လျှပ်စစ်နဲ့ကတော့ အခြေအနေတင်းနေတယ်။ ရေဆိုတာ လျှပ်စစ်နဲ့တင်ရတဲ့ကိစ္စပါ ” ဟု စည်ပင်အရာထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးအဖွဲ့ရုံးမှ ဝန်ထမ်းတဦးက ညွှန်ကြားချက်အရ ရန်ကုန်တွင် မီးပေးချိန်ကို ယခုအချိန်ထိ ခွဲတမ်းဖြင့်မပေးဘဲ မျှပေးနေရသည့် အနေအထားကြောင့် မီးပေးချိန်တွင် မီးအားမပြည့်ခြင်းဖြစ်ကြောင်း ပြောသည်။

ရေအခက်အခဲရှိသော မြို့နယ်များတွင် မီးစက် အလုံးရေ (၅၀) သုံးကာ ရေများ ပေးဝေနိုင်ရန် ရန်ကုန်စည်ပင်က စီစဉ်မည်ဟု မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားခဲ့ကြောင်း ပြည်တွင်းဂျာနယ်များက ရေးသားခဲ့ကြသည်။

“မြို့တော်ဝန်ဆိုတဲ့လူက ပြောတဲ့အတိုင်း ဘယ်တော့မှ မလုပ်တဲ့သူပါဗျာ။ ပြောလိုက်ရင် လေကြီးမိုးကြီးနဲ့၊ လုပ်တယ်လို့  သူများမြင်အောင် လုပ်တာသက်သက်ပဲ၊ ထိထိရောက်ရောက် လုပ်တယ် မလုပ်ဘူးဆိုတာ မြို့ခံတွေ အားလုံးသိတယ်” ဟု အဆိုပါ စည်ပင်မှအရာထမ်းဖြစ်သူက ပြောသည်။

လျှပ်စစ်ပေးဝေမှု မလုံလောက်သောကြောင့် ရေအခက်အခဲကို မြို့တော်ဝန်က အ၀ီစိတွင်း (၂၀) ကျော်တူးကာ ဖြေရှင်းပေးမည်ဟုလည်း ပြည်တွင်းဂျာနယ်များမှတဆင့် ပြောကြားခဲ့ဖူးသည်။

စည်ပင်တွင် လုပ်သက် (၁၀) နှစ်ကျော်ရှိပြီး မကြာခင်အငြိမ်းစားသွားတော့မည့် စည်ပင်အရာရှိထမ်းတဦးကလည်း မီးမလာ၍ ရေမရခြင်းကို စည်ပင်အနေဖြင့် ဖြေရှင်းသင့်ကြောင်း ပြောသည်။

၎င်းက “စည်ပင်ရဲ့ဝင်ငွေနဲ့ ရေတွန်းစက်တွေကို ကိုယ်ပိုင် မီးစက်ကြီးတွေနဲ့ မောင်းနှင်ပြီး လုပ်ဆောင်သင့်တယ်။ စည်ပင်သာယာရဲ့ တနှစ်ဝင်ငွေဟာ ဘီလီယံ (၄၀) လောက်ရှိတယ်လေ” ဟု ပြောသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင်မူ မုတ္တမကမ်းလွန်မှ ရန်ကုန်သို့ သွယ်တန်းနေသော ဓာတ်ငွေ့ပိုက်လိုင်းမှာ လာမည့် ၂၀၁၀ ပြည့်နှစ် မတ်လအတွင်း ပြီးစီးကာ ဓာတ်ငွေ့ပေးဝေနိုင်မည်ဖြစ်ပြီး ရန်ကုန်တွင် (၂၄) နာရီ လျှပ်စစ်ရရှိတော့မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo