ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ရန်ကုန်မြို့ခံများ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို စိတ်ဝင်စားမှု မရှိ
NEJ/ ၂၄ မေ ၂၀၀၈
line

 

ဧရာဝတီတိုင်းနှင့်  ရန်ကုန်တိုင်းအတွင်း မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများ အသက်ရှင်ရပ် တည်ရေး၊ စားဝတ်နေရေး မပြေလည်သေးခင် ကျင်းပသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ပြည်သူအများက စိတ်မ၀င်စားကြကြောင်း ရန်ကုန်မြို့ခံများကပြောသည်။ 

နအဖ အာဏာပိုင်များ၏ ကြိုတင်မဲကောက်ခံမှု အရေအတွက်များနေသည့်အတွက် မေ (၂၄)၊ ဆန္ဒမဲပေးသည့်ယနေ့တွင် မဲပေးသူ နည်းပါးကြောင်း တာမွေမြို့နယ်၊ မဲရုံအမှတ် (၂) ၌ မဲပေး ခဲ့သူတဦးက ပြောသည်။

၎င်းက “မဲပေးပြီးကြောင်း လက်မှတ်ထိုးရတဲ့ မှတ်တမ်းစာအုပ်ကိုကြည့်တော့ တ၀က်ကျော် လောက်ဟာ မဲပေးပြီးသားဖြစ်နေတာ တွေ့ရတယ်။ ဒါတွေဟာ ကြိုတင်မဲတွေ ဖြစ်မှာမို့ ဒီနေ့ မဲပေးသူ နည်းရတာလို့ ထင်တယ်” ဟု ပြောသည်။

မြောက်ဒဂုံ (၅၀) ရပ်ကွက်တွင်နေထိုင်သူတဦးက “ကျနော်တို့ မြောက်ဒဂုံမှာတော့ မဲပေးရတာ ရပ်ကွက်ဓမ္မာရုံမှာပါ။ ဘာမှမပြောဘူး၊ ပေးချင်တာ ပေးလို့ရတယ်။ ကျနော်က ကြက်ခြေပဲခတ်ခဲ့ တယ်” ဟု ပြောသည်။

၎င်းကဆက်လက်၍ “သူတို့ရထားတာ (၉၂) ရာခိုင်နှုန်းကျော်နေပြီ၊ ကျန်တာက (၈) ရာခိုင်နှုန်း တောင် ကျော်အောင်လုပ်ပစ်မလားမသိဘူးဗျ၊ (၁၀၀) ရာခိုင်နှုန်းကျော်နိုင်တယ် ဒီအတိုင်းဆိုရင် ပေါ့” ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်များတွင် မိမိတို့နှစ်သက်ရာကို လွတ်လပ်စွာ မဲပေးနိုင်ကြောင်း၊ သို့သော် ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်အချို့တွင်မူ စာသင်ကျောင်းများ၏ စတိတ်ပေါ်တွင် အကာ အရံမဲ့ မဲပေးရသဖြင့် အမှန် ခြစ်သူများကြောင်း သိရသည်။

“အမှား၊ အမှန်ခြစ်ဖို့ အခန်းကာထားတာမရှိဘူး။ သူတို့ရှေ့မှာပဲ ခြစ်ရတာ၊ ကြောက်လို့ အမှန်ပဲ ခြစ်ခဲ့တယ်” ဟု ကမာရွတ်မြို့နယ်သားတဦးက ပြောသည်။

ကျောက်မြောင်းတွင် မဲပေးရန်အတွက် ရပ်ကွက်ကြံ့ဖွံ့များက မိမိတို့နှစ်သက်ရာကို ပေးနိုင် ကြောင်း၊ ကြောက်ရန်မလိုကြောင်းပြောသဖြင့် အမှားပေးခဲ့ကြောင်း တိုင်းရင်းဆေးဆရာတဦးက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် မဲပေးရန် တအိမ်တက်ဆင်းလိုက်၍ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ဘယ်သူမှ စိတ်မ၀င်စားပါဘူး၊ တာဝန်ရှိလို့သာ သွားပေးရတာ၊ ပေးတာအမှားပေမယ့် အဖြေ ကတော့ ရာခိုင်နှုန်းအပြည့်ပဲ ထွက်မှာပေါ့” ဟု (၃၃) လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ပန်းပဲတန်းမြို့နယ်ရှိ မူလတန်းပြ ဆရာမတဦးကလည်း “ကျမတို့အိမ်မှာကတော့ သွားပြီးမဲမပေး တော့ဘူး၊ အလုပ်ပျက်တယ်။  ရင်ထဲက မဲတပြားက နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လောက် အရေး ကြီးတယ်ဆိုတာ သိနေပေမယ့် ဒီအချိန်မှာ ဘာမှမထူးတော့ဘူး။ (၉၂) ရာခိုင်နှုန်းကျော်နေပြီပဲ” ဟု ပြောသည်။

လှိုင်မြို့နယ် အင်္ဂလိပ်ကျူရှင်ဆရာတဦးကမူ “မဲပေးဖို့ မနေ့က အမှန်ခြစ်ထားတဲ့ မဲကတ်ပြားတွေ
ဝေတယ်။ ဒါက ကြံ့ဖွံ့ရဲ့ စည်းရုံးရေးပါ။ တကယ်တော့ ဒီလို အမှန်ပေးပါလို့ လာပြောတာနဲ့ အတူတူပေါ့။ ဒါပေမယ့် တချို့က ဒီနေ့ကျတော့ လာမပေးကြတော့ဘူး” ဟု ပြောသည်။

ကြိုတင်မဲများကို ရပ်ကွက်အလိုက် ပြီးခဲ့သည့် မေ (၂၁) ရက်က ကောက်ယူပြီးဖြစ်သောကြောင့် ယနေ့တွင် ဖိအားမပေးဘဲ လွတ်လွတ်လပ်လပ်မဲပေးနိုင်သည်ဟု တာမွေမြို့နယ် (၁၅၇) လမ်းရှိ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

“မြို့နယ်၊ ရပ်ကွက်အလိုက် လိုချင်တဲ့ ရာခိုင်နှုန်းတွေကို တွက်ချက်ပြီး ကြိုတင်မဲယူထားပြီးသား၊ ဥပမာ အိမ်တအိမ်မှာ (၅) ဦးက မဲပေးရမယ်ဆိုရင် (၃) ဦးကို ကြိုတင်မဲယူထားပြီးပြီ။ ဒီတော့ ဒီနေ့မဲပေးတဲ့အခါ မရမှာ မပူရတော့ဘူးပေါ့” ဟု ပြောသည်။

ယခုလ (၁၀) ရက်တွင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲတွင် ထောက်ခံသူမဲ
အရေအတွက် ၉၂.၄ ရာခိုင်နှုန်းရရှိခဲ့ပြီးပြီဟု စစ်အစိုးရက ကြေညာခဲ့သည့်အတွက် ရန်ကုန်မြို့ခံ အများစုက မဲထည့်ထည့် မထည့်ထည့်၊ ကန့်ကွက်မဲ ပေးပေး၊ မပေးပေး ဘာမှထူးခြားမည်မဟုတ် ဟုဆိုကာ မဲပေးလိုစိတ်မရှိကြကြောင်း သိရသည်။

အလားတူ ရယက ရုံးတချို့မှ တာဝန်ကျသူတို့ပင်လျှင် မဲဆန္ဒခံယူပွဲထက် လေဘေးသတင်းကို ပိုမိုစိတ်ဝင်စားနေကြသည်ဟု ကျောက်တံတားမြို့နယ် လမ်း (၄၀) တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့မိသားစုက ယာယီအိမ်ထောင်စုစာရင်းနဲ့ နေထိုင်ကြတာပါ။  အဲဒါ ကျနော်တို့ မိသားစု မဲပေးပိုင်ခွင့်စာရင်းမှာ မပါလို့ ရပ်ကွက်ရုံးက တာဝန်ကျ တဦးကို သွားမေးတော့ အဲဒီလူက စာရင်းမပါရင် မဲမပေးရဘူး၊ မဲမပေးရတော့ အေးတာပေါ့ဗျာလို့ပြောပြီး ဘီဘီစီ မြန်မာ ပိုင်းအစီအစဉ်ကလွှင့်တဲ့ ဧရာဝတီ လေဘေးသတင်းကို ဆက်နားထောင်နေတယ်” ဟုပြောသည်။

ရန်ကုန်မြို့နေရာအတော်များများတွင် လုံခြုံရေးရဲများ၊ ဆက်သွယ်ရေးစက်ကိုင် အရပ်ဝတ် အထူးရဲတပ်ဖွဲ့ဝင်များကို တွေ့ရကြောင်း၊ ပြည်သူများ မည်သို့ပင် မဲပေးသည်ဖြစ်စေ နအဖ ရွေးကောက်ပွဲ ကော်မရှင်က ထောက်ခံမဲ အပြတ်အသတ်ဖြင့် အခြေခံဥပဒေမူကြမ်း ၂၀၀၈ ကို အတည်ပြုကြောင်း ကြေညာမည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။  ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook