ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၃၁ မေ ၂၀၀၉

line

 

ယခုလ (၇) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတော်တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး  မြေပိနေသူများစွာရှိနေသေးကြောင်း မျက်မြင်သက်သေ များက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ  (၁၅) မိနစ်ခန့်တွင် အဆိုပါစေတီတော်ကြီးသည် လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။

စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း (၂) နာရီလောက်မှာ လေလည်းမတိုက်ပါဘဲနဲ့ ထီးတော်က အရင်ကျိုးကျသွားတယ်။ အဲဒီအချိန်မှာ စေတီကြီးအပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ အလုပ်လုပ်နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီးတည့်မတ်ဖို့၊  တခုခုလုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊ ဝေါကနဲဆိုတဲ့အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီးတခုလုံး ပြိုကျသွားပြီး ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။  အဖွားအတွက်ကတော့ ကံကောင်းတယ်၊ အလုပ်သွားတဲ့ သားနှစ်ယောက်စလုံး တယောက်ကတော့ ခေါင်းကွဲတယ်၊ တယောက်ကတော့ ပခုံးမှာပွန်းပဲ့ပြီး ခါးနာသွားတယ်” ဟုပြောသည်။

ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်းတဦးကမူ  ထီးတော်တင်သည်မှာ  (၂၃) ရက်သာရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ပဲ့ကျခြင်းလောက်သာ ဖြစ်သင့်ကြောင်း၊ ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်းဖြစ်သည်ဟု ပြောသည်။

စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊ ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု  မြည်တယ်၊ စိတ်ထဲကနေအလိုလို ပြိုကျမယ့်အသံ မျိုးလို့သူတို့သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ငြမ်းပေါ်မှာ အလုပ် လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊ မကြာခင်ပဲ နောက်တဆင့်ပြိုကျတာ၊ အလယ်ပစ္စယံထိပဲ” ဟု ရှင်းပြသည်။

အဆိုပါပြိုကျမှုဖြစ်ရပ်မတိုင်မီ စေတီတော်ကြီးကို အချောကိုင်နေကြသော အလုပ်သမားများနှင့် စနေ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးသူများအပါအ၀င် ဘုရားကြီးတွင် အလုပ်လုပ်နေသူပေါင်း  (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်ရေမှ တပ်သားအများအပြား ပါဝင်ပြီး ဒဏ်ရာရသူများ မှာလည်း အဆိုပါ ရေတပ်သားများပါဝင်သည်ဟု  မျက်မြင်များက ပြောသည်။

“စေတီက ရွှေကပ်ဖို့ အချောကိုင်နေတုန်း ကာလဆိုတော့ ဆင်ထားတဲ့ငြမ်းတွေပေါ်မှာ လူတွေက အများကြီး ၊ ဒီတော့ ခုန်ချပြီး ထွက်ပြေးဖို့ကလည်း မလွယ်ဘူးလေ၊ အခု ပြိုကျတဲ့အောက်မှာ ပိနေတာတွေ အနည်းဆုံး  အယောက် (၅၀) ရှိနိုင်တယ်၊ အခု ဒဏ်ရာရလို့  အတွင်းလူနာအဖြစ် သယ်သွားတာတွေက လူပေါင်း (၅၀) ကျော်တယ်လေ” ဟု မျက်မြင်တဦးကပြောသည်။

“အခုထိ သေတဲ့သူ (၅ ) ယောက်ရှိပါပြီ၊ အလောင်းတွေကို သယ်သွားပါပြီ၊ ပိနေတာတွေရှိနေပါတယ်၊ ဖော်ဖို့ လုပ်နေကြပါတယ်”  ဟု ကယ်ဆယ်ရေး ကြက်ခြေနီတပ် သားတဦးက ပြောသည်။

မျက်မြင်များ၏ ပြောပြချက်အရ ယမန်နေ့ ညနေပိုင်းတွင် လူအင်အားဖြင့် မြင်သမျှ ဒဏ်ရာရသူများကို ဆွဲထုတ်ကာ ဒလဆေးရုံသို့ပို့ပြီး အခြေအနေဆိုးသူများကို ရန်ကုန်ဘက်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးဝန်ထမ်းတဦးက ယမန်နေ့ည (၉) နာရီခန့်တွင် ဒဏ်ရာရသူ (၅၀) နီးပါး ဆေးရုံရောက်လာပြီ ဖြစ်ကြောင်းပြောသည်။

ဘုရားပြိုကျသည်မှာ တောင်ပြိုသည်နှင့် အလားတူဖြစ်နေပြီး မြေအောက်တွင်ပိနေသူများကို ပြန်ဖော်ရန် ယမန်နေ့ညက စက်ကိရိယာများ မရှိသဖြင့် လူအားဖြင့်သာ တဖြည်းဖြည်း ရှာဖွေရကြောင်း၊ အပျက်အစီးပုံကြီး ကြီးလွန်းသဖြင့် အတွင်းတွင် ပိတ်မိနေသူ အတော်များမည်ဟု ခန့်မှန်းရကြောင်း ရှာဖွေရာတွင် ပါဝင်သူတဦးက ပြောသည်။

ယနေ့ မေ (၃၁) ရက် မနက်တွင်ဝန်ချီကရိန်းကား (၃) စီးရောက်လာပြီး အပျက်အစီးပုံပေါ်မှ အဖိုးတန်ပစ္စည်းများကို တဖြည်းဖြည်း သယ်ယူပြောင်းရွှေ့မှုလုပ်နေကြောင်း၊ အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူများ ရှိနေသေးပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ကြောင်း  ၎င်းကပြောသည်။ 

လောလောဆယ် သေဆုံးသူဦးရေ အတိအကျမသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀) နီးပါး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။

၂၀၀၆ ခု၊  ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ သမိုင်းဝင် ဓနုတ်စေတီတော်ကြီးမှာ တနင်္လာထောင့်မှစ၍ ထီးတော်၊ ငှက်ပျောဖူးတော်တို့နှင့်အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက   ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး  ပြန်လည်တည်ထားရန် စီစဉ်ခဲ့သည်။

ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင် ဒေါ်ကြိုင်ကြိုင်နှင့်သမီးများ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကကြီးမှူးပြီး   အထက်ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ  (၁၈၆) ပေ ၊ ငှက်ပျောဖူး (၂၃) ပေ ၊ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ (၈) လက္မ ၊ ဖိနပ်တော်  (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook