လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပေးရာတွင် လာဘ်ငွေယူခဲ့ကြောင်း တိုင်ကြားခံရသောကြောင့် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အရာရှိဝန်ထမ်းအချို့ အရေးယူခံရကြောင်း ဗိုလ်တစ်ထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းတဦးက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် သတ်မှတ်ချိန်အတွင်း လျှပ်စစ်မီးမလာသည့်အတွက် မြို့နယ်အတွင်းရှိ ကုမ္ပဏီတခုက လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားမေးမြန်းရာတွင် မချေမငံပြန်လည်ဖြေဆိုမှုကြောင့် နေပြည်တော်အထိ တိုင်ကြားခံရခြင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းကပြောသည်။
၎င်းက “တဖက်ကုမ္ပဏီကလည်း နေပြည်တော်အထိ ထိထိရောက်ရောက် တိုင်မယ်ဆိုပြီး စက်မှုဇုန်တွေဆီကနေ လာဘ်ငွေယူပြီး မီးမှန်မှန်ပေးနေတဲ့ကိစ္စ အထောက်အထားတွေ ရှာဖွေပြီး နေပြည်တော်အထိ တိုင်လိုက်တယ်။ ဒါနဲ့ နေပြည်တော်က ဆင်းလာပြီးစစ်တော့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ကိုယ်တိုင် စက်မှုဇုန်တွေကနေ လာဘ်ငွေယူပြီး မီးကို ပုံမှန်ဖြစ်အောင် ပေးနေတာ သွားတွေ့တယ်။ ဒါနဲ့ အရာရှိ၊ ဝန်ထမ်းအတော်များများကို တဆင့်နိမ့် ရာထူးတွေချပြီး နယ်တွေ ပြောင်းလိုက်တယ်” ဟု ပြောသည်။
သို့သော် အဆိုပါကိစ္စအား လာဘ်စားမှုဖြစ်သော်လည်း တာဝန်လျော့ပေါ့မှု ခေါင်းစဉ်ဖြင့်သာ အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းတဦးက ပြောသည်။
လာဘ်စားမှုဖြင့်သာ အရေးယူပါက ထောင်ဒဏ်အထိ ချမှတ်ခံရမည်ဖြစ်သကဲ့သို့ လာဘ်ငွေပေးခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း စစ်ဆေးအရေးယူမှုများ လုပ်ရမည်ဖြစ်သဖြင့် ဌာနတွင်း ကြိတ်ပြီးဖြေရှင်းခဲ့ကြောင်း ၎င်းကပြောသည်။
နအဖစစ်အစိုးရက သတင်းစာများမှတဆင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများ အကောင်အထည်ဖော်နေပါသည်ဟု ဖော်ပြနေသော်လည်း ရန်ကုန်ကဲ့သို့ မြို့ကြီး၌ပင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှစ၍ အလှည့်ကျ မီးပေးစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခဲ့သည်။
အဆိုပါ စနစ်အရ စက်မှုဇုန်များကို ရုံးဖွင့်ရက် နေ့ပိုင်းအချိန်များ၌ ဦးစားပေးပြီး နေအိမ်များကို ညပိုင်းအချိန်တွင် ဦးစားပေး လျှပ်စစ်မီး ဖြန့်ဖြူးပေးခဲ့သည်။
နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ မလုံလောက်သည့်အတွက် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အပြည့်မလည်နိုင်တော့ဘဲ ဓာတ်အားပေးမှု များစွာလျော့ကျလာခဲ့သည့်အတွက် နဂို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် မီးပေးချိန်အတိုင်း ပေးနိုင်ခြင်း မရှိတော့ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အဆိုပါ ၀န်ထမ်းက ပြောသည်။
သက်ဆိုင်ရာဝန်ကြီးများက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သည့်အချိန်ကို လျှော့ပေါ့ပေးရန် ညွှန်ကြားခဲ့ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့က သတ်မှတ်ချိန်တွင် မီးကိုလွှတ်ပြီး (၁ဝ) မိနစ်ခန့်ကြာသည်နှင့် ပြန်ဖြတ် စသဖြင့် ပေးချိန်တန် ပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များက ပုံမှန်ဖြန့်ပေးသည့် နာရီအတိုင်း မီးရရှိနိုင်ရန် လာဘ်ငွေ ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
လာဘ်ငွေပေးသည့် စက်မှုဇုန်များတွင်သာ သတ်မှတ်ချိန်အတိုင်း အတိုင်းအတာတခုအထိ လျှပ်စစ်မီးရရှိသွားသော် လည်း အခြား ရန်ကုန်မြို့ ဧရိယာတခုလုံးတွင်မူ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်ခြင်း၊ လာချိန်တန် ခဏလာပြီး တောက်လျှောက် ပြန်ပြတ်သွားခြင်း၊ လာလိုက် ပြတ်လိုက် ကြိမ်ဖန်များစွာဖြစ်ခြင်း၊ မီးအားနိမ့်ပြီး သုံးမရ ဖြစ်ခြင်းတို့ နေ့စဉ်ဖြစ်ပေါ်နေသည်ဟု လည်း ရန်ကုန်မြို့ခံများက ပြောသည်။
ယခုပြဿနာကြောင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်ကိုယ်တိုင် ယခုလ (၁ဝ) ရက်က အလုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မည်သည့်စီးပွားရေးလုပ်ငန်းမှ မရှိဘဲ လူဦးရေ အနည်းငယ်သာ ရှိသည့် နေပြည်တော် စစ်ဌာနချုပ်နှင့် နေပြည်တော် တဝိုက်တွင်မူ မီးထိန်ထိန်လင်းနေကြောင်း ဒေသခံများက ပြောသည်။
|