စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံ ပင်ဆင့်၊
မြေနှင့်ရန်ဘက်၊ ခက်လက် စိမ်းမြ၊
မိုးမခဘူး၊ နွေလသံပေါက်၊
ရင့်ချိန်ရောက်ခါမှ နှင်းသောက်ကယ်၊
ရွှင်ရွင်ပွင့်ဖူးတွေ ဆင်ကြတာ၊
ရွှေပင်ဆင့် ငွေပင်ဆင့်၊
ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့် အဘက်၊
ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်၊
လက်တံတို တမည်၊ လက်တံရှည်နှင့်
နေရောင်ခြည် လရောင်ဝါ၊
မိုးလုံးပြာ မိုးလုံးမှိုင်း၊ ပုလဲဆိုင်း ပုလဲနှစ်၊
ချစ်စရာ့လိပ်ပြာတောင်က၊
နီလာရောင် တောင်လုံးမြိုင်၊
သုံးပွင့်ဆိုင် လေးပွင့်ဆိုင်
ခိုင်လုံးလန်း၊ ပင်လုံးဆန်းနွဲ့တန်းယိမ်း၊
ညှာတံစိမ်းများတို့၊ လေသိမ်းတိုင်းလှ၊
ကိန္နရီကသည်နှယ်၊
တချို့က နီပြာပြာ၊ တချို့က ဖြူဝါဝါ၊
တချို့မှာ ချိပ်ပွင့်၊ တချို့မှာ ပန်းရင့်လို၊
ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ခံခြင်းတွင်၊
ဝေယန်နန်းမြင့်၊ ဆင်တိုင်းတင့်မို့၊
မြို့ဝန်မင်းစာ လိပ်မပါဘဲ၊
ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလား၊
သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့်အင်တန်၊
ရာဇဝတ်တော်ခံရသည်က၊
မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို၊
ဟိုလောင်ပန်း ပွင့်ပွင့်၊
ဘယ်ဂုဏ်ကြောင့် ဝင့်မတုန်း၊
ဘုန်းနှင့်ကံနှင့် ရွှေသဇင်။
ပါရမီဂုဏ်၊ သင့်ရုံဟုတ်ဘူး၊ ဂုဏ်ထူးတဲ့ပန်း၊
လမ်းချဲ့ချဲ့ မချဲ့ချဲ့၊ ဆုတ်ဟဲ့ဘက်ဆိုဆို၊
မဆိုဘက်လာလာ၊
သူမို့ပါလျှင်၊ ရွှေအာဏာခေါင်၊
သိုင်းပြောင်ပြောင်နှင့်၊
ရှောင်ရမည် ရှားရမည်၊ ပန်းပျံများ ဘုရင်ကို။ ။
|