ပုံသေနဲ့ အရှင်ထားငွေလဲလှယ်နှုန်းစနစ်။ Fixed Exchange Rate & Floating Exchange Rate အနက် ဘယ်ငွေလဲလှယ်နှုန်းအစီအစဉ်ဟာ တိုင်းပြည်စီးပွားရေးအတွက် အကောင်းဆုံး ဖြစ်မလဲ မေးစရာရှိပါတယ်။
ပုံသေငွေလဲလှယ်နှုန်းဟာ နိုင်ငံတကာကုန်သွယ်မှုမှာ အပြောင်းအရွေ့စရိတ်လို့ ခေါ်တဲ့ Transaction costs စရိတ်ကျဉ်းစေတာ အမှန်ပါပဲ။ ဥပမာ သယ်ယူခ၊ အာမခံကြေး စတာတို့ ဖြစ်ပါတယ်။ အရှင်ထားတဲ့ ငွေလဲလှယ် နှုန်းစနစ် ဒါမှမဟုတ် မျှောထားစနစ်ဟာ မသေချာ မရေရာမှုတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှု အစီအစဉ်များ သတ်မှတ်ပြီး
ကုန်သွယ်ရေး မြှင့်တင်ကြပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဟာ ပုံသေငွေလဲလှယ်နှုန်းစနစ်ဖြစ်တဲ့ ဥရောပဘုံငွေကြေးစနစ်ကို ပစ္စည်းတူ ထုတ်လုပ်မှု၊ လုပ်သားဈေးကွက်စနစ်တူ unified goods and labor markets ပေါ် အခြေခံပြီး နိုင်ငံတနိုင်ငံနှင့် တနိုင်ငံငွေလဲလှယ်နှုန်းကွာဟမှုနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ဈေးပြိုင်ဆိုင်မှု ကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေကြပါတယ်။ သဘောက ပြင်သစ်ရဲ့ ပေါင်စတာလင်အပေါ် ငွေလဲလှယ်နှုန်းမှာ လျှော့ချသတ်မှတ်ရင် under-valued exchange rate လုပ်ထားရင် ပြင်သစ်လုပ် ဆိုကြပါစို့ ပေါင်မုန့်ဟာ ယူကေဈေးကွက်မှာ အင်္ဂလိပ်လုပ် ပေါင်မုန့်ထက် အဖိုးချိုပြီး ဈေးကွက်မှာ အသာစီးရသွားမှာပဲ။
သဘောက ယူကေစူပါမားကတ်မှာကီလိုဝက် အလေးစီးတဲ့ အင်္ဂလိပ်ပေါင်မုန့်ကို (၇၅) ပဲနိနဲ့ တင်ရောင်းနေတဲ့ အချိန်မှာ ပါရီက (၅) ဖရန့် (၆၅) ပြားတန် အချိန်တူ ပေါင်မုန့်ကို ငွေလဲလှယ်နှုန်း တပေါင်ကို (၇) ဖရန့် အထိ ငွေတန်ဖိုး လျှော့ချလိုက်ရင်တော့ လန်ဒန် ဈေးကွက်မှာ ပြင်သစ်ပေါင်မုန့်ဟာ (၆၂) ပဲနိ ဖြစ်သွားပြီး အင်္ဂလိပ် ပေါင်မုန့် ဖုတ်လုပ်ငန်းရှင် တွေနာပြီပဲ။
ပုံသေ ငွေလဲလှယ်နှုန်းစနစ်ကို ငွေဖောင်းပွနှုန်းနဲ့ တည်ငြိမ်တဲ့ နိုင်ငံရဲ့ ငွေကြေးမှာ တွယ်ချိတ်ထားရင် (Pegging) ငွေဖောင်းပွမှုထိန်းရမှာ လွယ်ကူတတ်ပါတယ်။
ဒါဖြစ်ရင် ကမ္ဘာ့ဘဏ်တို့က မျှောထား ငွေလဲလှယ်နှုန်းစနစ်ကို ဘာကြောင့် အားပေးရသလဲ။
လွတ်လပ်တဲ့ငွေကြေးပေါ်လစီ (monetary policy) ဖြင့် ပြည်တွင်းစီးပွားရေး ဂယက်ကော၊ ပြည်ပစီးပွားရေး ဂယက်ရိုက်ခတ်မှု shocks ကို ခံသာအောင် လုပ်နိုင်ဖို့ပါပဲ။ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ဗဟိုဘဏ်နဲ့ ငွေကြေး အာဏာပိုင်တွေဘက်က တိုက်အားကောင်းဖို့ အချုပ်အနှောင်ဖြတ်ပေး လက်နက်တပ်ပေးလိုက်တာပါပဲ။
ပုံသေငွေလဲလှယ်နှုန်းကို စစ်အပြီး ၁၉၄၄ ခု ဘရတ်တင်ဝဒ် အစည်းအဝေးက စလိုက်တာ ပါပဲ။ ရွှေနောက်ခံစနစ် ကျဆုံးပြီးနောက် သည်စနစ်ကို အခြေခံပြီး ကုန်သွယ်မှုအရှုံးပြတဲ့ နိုင်ငံတွေမှာ အရန်ရွှေကို အားကိုးမယ့်အစား IMF ကငွေချေးရေးပါပဲ။
အမေရိကန်ဒေါ်လာဟာ အဲဒီတုန်းက ခိုင်မာပြီး ကမ္ဘာ့ရွှေအတော်များများလက်ဝယ်ရှိနေပါတယ်။ ဒေါ်လာရဲ့ ရွှေခေတ်ဟာ ၁၉၇၀ ခုနှစ်များမှာ ပြီးဆုံးသွားပါပြီ။ တခြားနိုင်ငံတွေရဲ့ စီးပွားရေးဟာ အားကောင်းလာပါပြီ။ အမေရိကန်ရဲ့ ငွေဖောင်းပွမှုကြောင့် နိုင်ငံတော်များများက ဒေါ်လာအပေါ် လက်တွန့်လာပါပြီ။ ၁၉၇၁ ခု သြဂုတ်လမှာ မိမိဒေါ်လာကို ရွှေနဲ့လဲမပေးတော့ ပါဘူး။ ပုံသေငွေလဲလှယ်နှုန်းလည်း နိဂုံးကမ္ပတ် အဆုံးသတ်သွားပါတော့တယ်။
ဗမာပြည် ပုံသေငွေလဲလှယ်နှုန်း (၆) ကျပ်ကို ဘယ်ပြင်ပလုပ်ငန်းရှင်ပဲဖြစ်ဖြစ် ဘယ် Donors ပဲဖြစ်ဖြစ် လက်မခံ နိုင်ပါဘူး။ အဲဒီတော့ နှစ်ဦးသဘောတူ လဲလှယ်နှုန်းတခု သတ်မှတ်ပေးရ ပါတယ်။
ဥပမာ ၁၉၉၈ ခုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ န၀တတို့ ကျပ် (၁၈၀) လဲလှယ်နှုန်း သဘောတူ သတ်မှတ်ရပါတယ်။ အဲဒီ (၆) ကျပ်နှုန်းကို အစိုးရလုပ်ငန်းများနဲ့ စစ်ဗိုလ်ကြီးများအတွက် အလွန်အလုပ်ဖြစ်ပါတယ်။ အစိုးရစက်ရုံ အတွက် ကုန်ကြမ်းနဲ့ အရန်ပစ္စည်းအတွက် အပြည့်မဟုတ်တောင် တစုံတရာအတိုင်းအတာအထိ နိုင်ငံခြားမှ ၀ယ်ယူတင်သွင်းနိုင်ဖို့ လျာထားသတ်မှတ်ချပေးပါတယ်။ အစိုးရဌာနတွေလည်း စက်ရုံတွေ လိုသလောက်မရ ပေမယ့်
ပိုင်ရင်ပိုင်သလို နိုင်ငံခြားငွေခွဲတမ်းရပါတယ်။
အစိုးရစက်ရုံတွေရဲ့ သွင်းကုန် ကုန်ကြမ်းစရိတ်သက်သာပြီး အဲဒီက ထုတ်တဲ့ပစ္စည်းတွေဟာ ဈေးနှုန်းကလဲချိုသာ လို့ ဒီပစ္စည်းတွေ တင်ရောင်းတဲ့အထူးဆိုင်တွေမှာ ၀ယ်ခွင့်ရတဲ့ စစ်ဗိုလ်ကြီးတွေ ထိပ်တန်းအရာရှိကြီးတွေအတွက် အကျိုးရှိပါတယ်။ သူတို့ကတော့ ပုံသေလဲလှယ်နှုန်းကို လက်လွတ်ဆုံးရှုံးခံနိုင်မှာ မဟုတ်ဘူး။ ဒါတောင်မှ ၁၉၉၈ အကုန်ပိုင်းမှာ ဗဟိုဘဏ်မှာ နိုင်ငံခြားငွေ ပြတ်သွားလို့ ဌာနဆိုင်ရာတွေဟာ မိမိဖာသာ မရှိမဖြစ် နိုင်ငံခြား လိုငွေကို မှောင်ခိုဈေးက ၀ယ်ထည့်ကြခဲ့ရပါသေးတယ်။
အစိုးရဌာနတွေကတောင် အပြင်မှာ ဒေါ်လာလိုက်ဝယ်လို့ ဒေါ်လာဈေး ခုန်တက်သွားပါသေး တယ်။ ပုဂ္ဂလိက လူထုစုငွေနဲ့ လုပ်ငန်းရှင်ဘဏ်အပ်ငွေ ဒေါ်လာငွေကို ဓားပြတိုက်ပြီး ထုတ်ယူခွင့် ပိတ်ပင်ကန့်သတ်လိုက်လို့ လူတွေအတော် ဒုက္ခရောက်လိုက်ကြပါသေးတယ်။ ဒါကို စစ်အစိုးရရဲ့ ဥပဒေမဲ့ ရမ်းကားမှုလို့ ခေါ်ပါတယ်။
၁၉၇၃ ခုနောက်ပိုင်းမှာ အရှင်ထားငွေလဲလှယ်နှုန်း ထွန်းကားလာပါတယ်။
နိုင်ငံခြားငွေဟာ လဲကုန်ပစ္စည်းလိုပဲ အနုတ်အသိမ်းပေါ်မှာ ဈေးဖြတ်တာဖြစ်ပါတယ်။ ဒါပေမယ့် အတက်အကျ သိပ်ကြမ်းရင် နိုင်ငံတကာကုန်သွယ်မှုကို ထိခိုက်နိုင်တဲ့အတွက် အစိုးရမင်းများ က တခါတရံ ၀င်ရောက်စွက်ဖက်တတ်ပါတယ်။
ဥပမာ ဒေါ်လာဈေးတန်ဖိုး (၁၀) ရာခိုင်နှုန်း ထက်ပိုကျရင် အမေရိကန် အစိုးရက အရန်ငွေထုတ်ပြီး ကမ္ဘာ့ဈေးကွက် မှာ ဒေါ်လာကိုပြန်ဝယ်ရပါတယ်။ အ၀ယ်လိုက်တော့မှ ဒေါ်လာဈေးတန်ဖိုး ပြန်မတ်လာတတ်ပါတယ်။ ဒါကြောင့် မိမိနိုင်ငံ အမျိုးသား ငွေကြေးတန်ဖိုးဟာ အရန်ငွေအင်အားတောင့်မှုပေါ်လဲ မူတည်ပါတယ်။
အစိုးရတို့က အရန်ငွေအင်အားဖြည့်ဆည်းဖို့ IMF ကဖြစ်စေ အခြားတပါးနိုင်ငံမှဖြစ်စေ ငွေချေးဖြည့်တင်းပါတယ်။ ဒါကြောင့် မိမိစီးပွားရေးအင်အားတောင့်တင်းဖို့၊ ပို့ကုန်တိုးချဲ့နိုင်ပြီး ငွေပေးငွေယူ ရှင်းတမ်း၊ ကျန်းမာရေးခြေနေ ကောင်းနေဖို့ဟာ မျှောထားငွေကြေးစနစ်မှာ အရေးကြီးပါတယ်။
ငွေပေးငွေယူ ရှင်းတမ်းမှာ နှစ်ပိုင်းရှိပါတယ်။ သာမန်နှင့် ငွေလုံးငွေရင်းစာရင်းတို့ ဖြစ်ပါတယ်။
သာမန်စာရင်းမှာ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုအတွက် ငွေစာရင်းရှင်းတမ်းနဲ့ ငွေလွဲအပ်ငွေတို့ ပါဝင်ပါတယ်။ ၀န်ဆောင်မှုမှာ သင်္ဘောတင်စရိတ်၊ အာမခံကြေး၊ ကော်မရှင်ခ၊ သွားလာစရိတ်တွေ ပါဝင်ပါတယ်။ အဓိက က ပို့ကုန် သွင်းကုန်တန်ဖိုးတွေပါပဲ။ ဒီအပိုင်းကို ကုန်သွယ်မှု ရှင်းတမ်းလို့ ခေါ်ပါတယ်။ ရောင်းရတာများရင် ကုန်သွယ်ရေး အမြတ်ထွက်ပြီး အရန်ငွေ တောင့်မယ်။ ၀ယ်သွင်းရတားများရင် ရောင်းရငွေအပြင် အိပ်စိုက်ပေးချေရမှာဖြစ်လို့ အရန်ငွေ လျော့ကျသွားမယ်။
ငွေလုံးငွေရင်း စာရင်းမှာတော့ ကိုယ့်တိုင်းပြည်ထဲ လာရင်းနှီးမြှုပ်နှံလျှင် အပေါင်းပြပြီး ကိုယ့်နိုင်ငံထဲက ငွေလုံးငွေရင်းထွက်သွားလျှင် ဆိုကြပါစို့ ကိုယ်ကသူများ နိုင်ငံထဲသွား ရင်နှီးမြှုပ်နှံလျှင် အနုတ်လက္ခဏာပြပါတယ်။ ချေးငွေရလျှင် အပေါင်းပြပြီး ချေးငွေပြန်ဆပ် တဲ့အခါ အနုတ်လက္ခဏာပြပါတယ်။ ငွေပေးငွေယူ ရှင်းတမ်း အနုတ်လက္ခဏာ ပြနေသမျှ တိုင်းပြည်အရန်ငွေ ခမ်းခြောက်လိုက်လာမှာပဲ။
ငွေပေးငွေယူရှင်းတမ်းမှာ လိုငွေပြတ်ရင် ကျပ်ငွေတန်ဖိုးကျမယ်။ နိုင်ငံတော်က ပုံသေငွေလဲလှယ်နှုန်းစနစ်နဲ့သွားပြီး ဒီလို နိုင်ငံခြားငွေမာနှင့်ယှဉ်လို့ တန်ဖိုးကျပြီး ချရရင် devaluation လို့ ခေါ်ပါတယ်။ အရှင်ထားငွေမျှော ငွေလဲလှယ်နှုန်းစနစ်နဲ့ သွားလို့ တန်ဖိုးကျရင် depreciation လို့ ခေါ်ပါတယ်။ အဲဒီလို ဈေးကွက်အနုတ် အသိမ်းကြောင့် ကျပ်ငွေတန်ဖိုး ချလိုက်ရတာဖြစ်စေ၊ ကျသွားတာဖြစ်စေ၊ သွင်းကုန်ဈေးက မြင့်သွားမှာပဲ။
တခြားကုန်ဈေးနှုန်းပါ လိုက်တက်နိုင်တယ်။ ဒီလိုဖြစ်တဲ့အခါ ဒီမိုကရေစီ အစိုးရအတွက် ကတော့ လုပ်ရတာ လွယ်တယ်။ ကျနော်ပြောနေတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကျတော့ အတွေ့အကြုံကို ပြောနေတာ။ Bop Balance of Payments Support အဖြစ် ကမ္ဘာ့ဘဏ် အထူးသဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က Structural Adjustment လုပ်ဖို့ ငွေချေးတယ်။ ဒီငွေကို သွင်းကုန်တန်ဖိုးပေးချေပြီး ပြည်တွင်းဈေးကွက်ထဲ ကုန်တွေဖိဖို့ ပေးလိုက်တယ်။ ရောင်းလိုအားဘက်က အားဖြည့်ပေးလိုက်တော့ အ၀ယ်အီသွားပြီး ဈေးပြန်ကျလာတယ်။
IMF ကတော့ Last resort နောက်ဆုံး ထွက်ပေါက်ပေါ့။ ဘာကောင်းသလဲဆိုရင် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွေရဲ့ အရှိန်ကြောင့် co-financing and parallel financing ခေါ်တဲ့ တခြားအလှူရှင် donors နိုင်ငံတွေပါ ၀ိုင်းပြီးကူကြလိမ့်မယ်။ Nordic နိုင်ငံတွေကဆိုရင် Balance of Payments Support Grant အလကားရမယ်။ ဗြိတိသျှတို့ဆီက Programme Aid တကြိမ် (တနှစ် ပေါင်ဆယ်သန်းအနည်းဆုံးရမယ်) ။
ဂျာမနီကဆိုရင် Commodity Aid အဖြစ်နဲ့တကြိမ်ကို အနည်းဆုံး မတ်သန်း (၂၀-၃၀) အလကားပေးမှာ။ ဒါတွေအားလုံးဟာ Recurrent Imports and Capital Imports တွေဝယ်ယူတင်သွင်းဖို့ ဖြစ်ပါတယ်။
အမေရိကန်ကလည်း စားဆီစတဲ့ စားသုံးကုန်ပစ္စည်းတွေ PL480 အောက်ကအလကား ပို့ပေးမှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေ ၀ယ်တင်သွင်းဈေးကွက်ထဲ ရောင်းချလိုက်ရင် ကုန်ဈေးနှုန်းတွေ ကျလာမယ်။ ရောင်းရတဲ့ပစ္စည်းက ရတဲ့ကျပ်ငွေကို ဘတ်ဂျတ် လိုငွေဖြည့်တင်း ပိတ်နိုင်တယ်။ အာဏာရှင်စစ်အစိုးရ Bad Government ဆိုတော့ ဘယ်သူကငွေပေးကူညီချင်ကြမလဲ ပေးလိုက်ရင်လည်းသဲထဲ ရေသွန်သလို အလဟဿဖြစ်မှာသိတယ်။
Bop Support ချေးငွေအရ IMF ကရတဲ့ပိုက်ဆံတွေကိုလည်း လိုချင်တဲ့ Currency ဥပမာ ဒေါ်လာအဖြစ် ဗမာပြည် ဗဟိုဘဏ်ကိုလွှဲပြောင်း Deposit လုပ်ခိုင်း၊ အဲဒီဒေါ်လာကို အပြင်မှာ auction လုပ် လေလံတင်ရောင်းချရင် ၀ယ်လိုအားရောင်းလိုအား သဘောအရ ဒေါ်လာဈေး ကျသွားပြီး ကျပ်တန်ဖိုး တက်လာမယ်။
နိုင်ဂျီးရီးယားမှာ FE access ကို tight လုပ်ပိတ်ပင်လိုက်လို့ တကြောင်း၊ ဒေါ်လာကို ဈေးကွက် ဖိအားပေါ် လွတ်ပေးလိုက်လို့ တကြောင်း၊ ပြင်ပဒေါ်လာပေါက်ဈေးဟာ ၁၉၉၅ ခုမှာ (၁၅၀) ရာခိုင်နှုန်း ခုန်တက်သွားတယ်။ နောက်ပိုင်း သူ့ငွေကို အပြင်ဈေးနဲ့ညှိပြီးလိုက်ချပေး၊ ဒေါ်လာကို လိုသလောက်ထုတ်ပေးလိုက်တာ ပြင်ပဒေါ်လာ ပေါက်ဈေးဟာ ငြိမ်သွားခဲ့ပါတယ်။
ဗမာပြည်မှာ တရားဝင်ကျပ်ငွေတန်ဖိုးကို ဗိုလ်နေ၀င်းက ငါမသေသေးသမျှ တန်ဖိုး မချရဘူး ဆိုလို့ အခုထိ (၆) ကျပ်နှုန်းပဲ။ တန်ဖိုးမချရဲဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးများက ဒေါ်လာမတ်တော့ ဒီအတိုင်း တဒေါ်လာ (၆) ကျပ်နှုန်းထားရင် ဘယ်နိုင်ငံခြားအရင်းအနှီးမှ ၀င်လာမှာ မဟုတ်ဘူး။ ဘယ်ကုလသမဂ္ဂအဖွဲ့အစည်းက အကူအညီပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ၁၉၉၃ ခုမှာ FEC ရိုက်ထုတ်ပြီး အပြင် Parallel Market ကို ဖွင့်ပေးလိုက်ရတယ်။ ဒါဟာဘာလဲဆိုရင် de facto Devaluation လုပ်တာပါပဲ။ ၁၉၉၈-၉၉ ခုထဲမှာတခါ FEC ရိုက်ထုတ်လိုက်တာ ဒေါ်လာ (၄၄.၃) သန်း ပါဆိုရင် စုစုပေါင်း (၁၆၆.၇) သန်းရှိသွားပြီ (၂၄.၇) သန်းဟာ လှည့်လည်သုံးစွဲငွေထဲမှာ လည်ပတ်နေတယ်။
Money Supply ကို ငွေဖြစ်လွယ်မှု Liquidity အရသတ်မှတ်တာ။ နိုင်ငံခြားမှာ Cheque ကို ငွေသားလိုအလွယ် တကူသုံးနိုင်တဲ့အတွက် လှည့်လည်သုံးစွဲငွေထဲမှာ ထည့်ထားတာ။ ဗမာပြည်မှာတော့ Cheque ကို သုံးလေ့သုံးထ မရှိကြဘဲ Cheque လို FEC ကိုတွင်တွင်သုံးကြ
ပါတယ်။ အတော်များများ အထည်ကြီး အရောင်းအ၀ယ်မှာ FEC နဲ့ ပေးချေကြတယ်။
ဗမာပြည်ထဲက နိုင်ငံခြားသံရုံးတွေက Visa ကြေးလည်း FEC နဲ့ ပေးချေကြရမယ်။ မုန့်ဟင်းခါးသည်ကလည်း သူမနက် ရောင်းလို့ရတဲ့ ကျပ်ပိုက်ဆံကို တန်ဖိုးမရှိတော့ ညနေကျရင် FEC လဲပြီး ပြောင်းထားလိုက်တယ်။ အဲဒီတော့ FEC ဟာ ငွေဖြစ်လွယ် Liquidity ဖြစ်ပြီး Money Supply Broad Money & Money in circulation လှည့်လည်သုံးစွဲ ငွေထဲ ၀င်ရောက်လာပြီး ငွေဖောင်းပွမှုကို ထပ်ပြီးတွန်းတင်လိုက်ခါ အထွေထွေကုန်ဈေးနှုန်းက ထပ်တက်လာတယ်။
၁၉၉၇-၉၈ ခုနှစ်ထဲမှာ အရင်ကလုပ်ခဲ့တဲ့ Large Projects ကြီးတွေလုပ်ငန်းလက်စသပ် ပြီးစီးသွားလို့ ၁၉၉၈-၉၉ ခုနှစ် ငွေလုံးငွေရင်းအသုံးစရိတ် သိသိသာသာကျသွားပေမယ့်၊ ဒါက Fiscal Deficit ချတာပေမယ့် Monetary Expansion လှည့်လည်သုံးစွဲငွေတိုးချဲ့ လိုက်တဲ့အတွက် ငွေဖောင်းပွနှုန်းဟာ ၁၉၉၇- ၉၈ က (၃၄) ရာခိုင်နှုန်း ကနေ ၁၉၉၈-၉၉ မှာ (၄၉) ရာခိုင်နှုန်း ရန်ကုန် မေရိကန်သံရုံးကစာရင်းနဲ့ ဆိုရင် (၅၀) ရာခိုင်နှုန်း ဖြစ်နေတယ်။
အဲဒီတော့ ငွေရိုက်ထုတ်တာကများ၊ ရသုံးမှန်းခြေငွေစာရင်းကလည်း လိုငွေဆိုးသထက်ဆိုးဝါးလာ၊
အရန်ငွေ နောက်ခံကလည်း ၁၉၉၀ ခုနှစ်များမှာ ပျမ်းမျှ သွင်းကုန် တလခွဲစာပဲရှိတော့ခါ ငွေဖောင်းပွနှုန်းကို ဘယ်လိုမှ မထိန်းနိုင်ဖြစ်နေတယ်။ အခွန်ရငွေကလည် ငွေဖောင်းပွနှုန်းက
စားသွားတော့ လျော့သထက်လျော့ကျလာတယ်။ ငွေလည်ပတ်နှုန်းဟာ လွန်ခဲ့တဲ့ (၂) နှစ်က စပြီး မြန်ဆန်လာတယ်။
အဲဒီတော့ အမှန်တကယ် ဘဏ်တိုးနှုန်း Real Interest Rate ဟာ ပိုပြီး အနုတ်လက္ခဏာ ပြလာတယ်။ ငွေတွေက ဘဏ်ထဲဝင်မလာတော့ ငွေဖောင်းပွနှုန်းကို ထပ်တွန်းတင်လိုက်ပြန် ဒီလိုနဲ့ပဲ အဆိုးသံသရာထဲက လွဲမထွက်နိုင်ဘူး ဖြစ်နေတယ်။
တချို့က De facto Devaluation လုပ်ထားပြီးလို့ ဗမာပြည်ကနိုင်ငံခြားပို့ကုန်တွေ ဈေးချိုပြီး
ဈေးကွက်ယှဉ်ပြိုင် နိုင်ပြီပဲ။ အစိုးရဘက်က တရားဝင်တန်ဖိုးချစရာ ဘာလိုတော့လို့လဲ ဆင်ခြေပေးကြပါတယ်။
အစိုးရစက်ရုံတွေက နိုင်ငံခြားပို့တဲ့ ပစ္စည်းတွေဟာ ကျပ်ငွေတန်ဖိုးမြင့်နေလို့ အထွေထွေအမြတ်နှုန်းဟာ ကျဆင်း လာပြီး အရင် ၁၉၈၅ ခု ထက် ၁၉၉၅ ခုမှာ ခုနှစ်ပုံတပုံပဲ အမြတ်ငွေရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်တင်ပြခဲ့ဖူးပါတယ်။
အခု ဗမာပြည်နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ဟာ Three Window System ဖြစ်ပါတယ်။ (၆) ကျပ်နှုန်းက အခွင့်ထူးခံ စစ်ဗိုလ်ကြီးများနဲ့ အစိုးရစက်ရုံဌာနတို့အတွက် တံခါးပေါက်တခု။ ကုလသမဂ္ဂနဲ့ နိုင်ငံခြားလုပ်ငန်း ရှင်ကြီးများအတွက် အချိန်အခါအလိုက် နှစ်ဦးသဘောတူ သတ်မှတ်တဲ့ လဲလှယ်နှုန်းတံခါးပေါက်ကတခု။ အပြင်လူထုအတွက် ပြင်ပပေါက်ဈေး တံခါးပေါက်ကတခု။
အခွန်စက်ကွင်းက ကင်းလွတ်နေသေးတဲ့ တရားမ၀င်စီးပွားရေး Unofficial Economy က တတိယတံခါး ပေါက်ကနေ သူလိုတဲ့ နိုင်ငံခြားငွေရရှိပြီး အခွန်ရှောင်တိမ်းနိုင်တဲ့အတွက် သူတို့ဟာ ပိုကြီးထွားလာပါတယ်။ တံခါးပေါက်သုံးမျိုးရှိတဲ့အတွက် အထူးသဖြင့် (၆) ကျပ်နှုန်းနဲ့ အပြင်ပေါက်ဈေး ရှိတဲ့အတွက် Legal and illegal economic activities ခြားထားတဲ့ မျဉ်းကြားသတ်မှတ်ရေး ခက်ခဲပြီး ၀ါးသွားပါတယ်။
နောက်နှစ်ဦးသဘောတူ သတ်မှတ်တဲ့ လဲလှယ်နှုန်းတံခါးပေါက်ကို ကြည့်ရအောင်။ နမူနာအားဖြင့် ကုလသမဂ္ဂအဖွဲ့ တခုဆိုပါဆို့။ တလောက ကိစ္စလေးပြောပါမယ်။ ဒါလက်တွေ့ဖြစ်နေတာပါ။
မကြာသေးခင်က အကူအညီပေးတဲ့ ပရောဂျက်လုပ်ငန်းတခုအတွက် စာချုပ်ချုပ်တယ်။
အဲဒီစာချုပ်မှာ ဒီလုပ်ငန်း အတွက် လဲလှယ်နှုန်းကို တဒေါ်လာကို (၃၂၈) ကျပ်နှုန်း သဘောတူ
သတ်မှတ်ပေးလိုက်တယ်။ အဲဒီ ကုလသမဂ္ဂအဖွဲ့က ပရောဂျက်ကုန်ကျငွေ ကျပ်ငွေတန်ဖိုးကို (၃၂၈) ကျပ်နဲ့ စားပြီး အဲဒီ ဒေါ်လာငွေကို မြန်မာနိုင်ငံခြားငွေနဲ့ ကုန်သွယ်မှုဘဏ်ထဲ လွှဲအပ်ထည့်ပေးလိုက်တယ်။ ဘဏ်က ဒေါ်လာနဲ့ ညီမျှတဲ့ FEC ကို ပရောဂျက်အတွက် ထုတ်ပေးလိုက်တယ်။ ဒီမှာ တခါရှုပ်တာက စာချုပ်ထဲမှာမပါဘဲ ဒီပရောဂျက်ကိုင်တဲ့ ၀န်ကြီးဌာနက ပရောဂျက်အတွက် တဒေါ်လာကို (၃၁၀) နှုန်းသတ်မှတ်ပေးပြီး (၃၂၈) နဲ့ (၃၁၀) ခြားနားချက်ကို ၀န်ကြီးဌာန ၀န်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေအတွက် ဖြတ်ယူ ထားလိုက်တယ်။ ဒါကစာရင်းရှိနေသေးတယ်။
စာရင်းမရှိအောင် ရှုပ်သွားတာက ဒီ (၃၂၈) နဲ့ ဖြတ်ထားတဲ့ FEC ကို တတိယတံခါးပေါက် ဖြစ်တဲ့ အပြင်မှာ သွားရောင်းလို့ရတယ် ဆိုကြပါစို့၊ (၃၇၀) နဲ့ ခြားနားပြီး ပိုထွက်လာတဲ့ ငွေဟာ ဘယ်စာရင်းထဲဝင်သွားသလဲ။ သေချာတာကတေ့ စစ်ဗိုလ်ကြီးတွေ အိတ်ထဲပါပဲ။ ဒါက စာရင်းအဟောင်းအလဲ တံခါးပေါက်အပြောင်းအလဲပေါ်မှာ မြတ်သွားတာလေးတင်ပါ။ (၃၇၀) နဲ့ (၃၂၈) တံခါးပေါက်နှစ်ခုရဲ့ ကွာဟချက်ကြောင့် ဒေါ်လာတသိန်းတန် ကုလသမဂ္ဂ ပရောဂျက်တခုအပေါ်မှာ ဗိုလ်ချုပ်ကြီး ကျပ်ငွေ (၄) သန်းကျော်ပွသွားပြီ။ တခါ အဲဒီ ပရောဂျက်ကို Transport သူ့ရဲ့ ကိုယ်ပိုင်ကားကို အငှားသွင်း ထားလိုက်ရင် ထပ်ထောသေး။ ပစ္စည်းအသွင်းမှာလည် ၀င်စားလိုက်နိုင်တယ်။ နိုင်ငံခြားကလာတဲ့ ကျွမ်းကျင်သူအရာရှိကိုလည်း ဒေါ်လာနဲ့ သူပိုင်အိမ်ငှားထားနိုင်တယ်။ အဲဒီတော့ ငွေလဲလှယ်နှုန်း တံခါးပေါက် ခြားနားချက်ကြောင့် ဘယ်လောက် corruption ဖြစ်နိုင်တယ်ဆိုတာ ရှင်းပြတာပါ။
ဒါကြောင့် ငွေလဲလှယ်နှုန်း တံခါးပေါက်တခုထဲထားပြီးတော့ တရားဝင်ကျပ်ငွေကို ရောင်းလိုအား ၀ယ်လိုအား ဈေးကွက်ဖိအားအရ သတ်မှတ်တန်ဖိုးချပေးဖို့ လိုတယ်ပြောနေတာပါ။ အဲဒီလိုဆိုရင် သွင်းကုန်ပစ္စည်းဟာလည်း အမှန်တကယ်ဈေးနှုန်းနဲ့ နီးစပ်တဲ့ နှုန်းနဲ့ တွက်တဲ့အတွက် အကောက်ခွန် custom duties & commercial tax တက်လာမယ်။ လျှပ်စစ်၊ လောင်စာဆီ၊ ဓာတ်မြေသြဇာတွေပေါ် အစိုးရ ခုနှိမ်ကျခံငွေ Subsidies တွေ ပပျောက်ပျက်ပြယ်သွားမယ်။ အဲဒီစက်ရုံတွေ ၀င်ငွေတိုးလာမယ်။ ဘတ်ဂျတ်လိုငွေ ကျဆင်း သွားမယ်။
ပြင်ပဈေးကွက် ငွေလဲလှယ်နှုန်းမတည်ငြိမ်မှုကြောင့် ကျပ်ငွေတန်ဖိုးအကျကြမ်းသည်နှင့်အမျှ
ကုန်သည်တွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်လုပ်သူအဖို့ အာမခံကြေး တက်သွားပါမယ်။ သယ်ယူပြောင်းရွှေ့ခ Freight Charges တွေတက်သွားမယ်။ သိုလှောင် စရိတ် တက်သွားပါမယ်။
Mini Market ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင်တွေဆိုရင် ပြင်ပပေါက်ဈေး အတက်ကြမ်းလို့ ဆိုင်တင်တဲ့ပစ္စည်းတွေ ဈေးတက်သွားလို့ အ၀ယ်မလိုက်တော့တဲ့အပြင် ၀န်ဆောင်စရိတ်ဖြစ်တဲ့ ရပ်ကွက်သာရေးနာရေးဆိုပြီး ယယကတွေက လာနှိပ်စက်လိုက်၊ ကြံ့ဖွံ့ရန်ပုံငွေဆိုပြီး လာနှိပ်စက်လိုက်၊ မ၀တကလည်း ၀င်နှိပ်စက်လိုက်၊ မြို့နယ်လျှပ်စစ်ရုံးကိုလည်း မီးအတွက် နားလည်မှုကြေးပေးရနဲ့ စရိတ်ထောင်းပြီး ဆိုင်တွေပြုတ်သွားတာလည်း အနတဂ္ဂမပါဘဲ။
|