နိုင်ငံရေးဟာ စီးပွားရေးအပေါ်မှာ သက်ရောက်အားရှိတယ်ဆိုတာ အခု စီးပွားရေးပညာရှင်တွေ အာရုံပြန်စိုက် လာရပြီ။ အခုပြောတာ နိုင်ငံရေးဘောဂ၀ိဇ္ဇာကို ဆိုလိုတာမဟုတ်ဘူး။ အရင်က နိုင်ငံရေးဘောဂ၀ိဇ္ဇာက စီးပွားရေး အကျိုးရလဒ် ခွဲဝေခံစားမှု distribution of wealth ကို စိစစ်တာဖြစ်တယ်။ အခုပြောတဲ့ နိုင်ငံရေး ဘောဂ၀ိဇ္ဇာသစ်ဟာ နိုင်ငံရေးဟာ စီးပွားရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာတင် ပြောတာ မဟုတ်၊ ခေတ်ပေါ်စီးပွားရေး စိစစ်တဲ့ သဘောတရားရေးနဲ့ နည်းပညာလက်နက်ကို အသုံးပြု ချဉ်းကပ်ခြင်း ဖြစ်ပါတယ်။ conceptual and technical tools of modern economic analysis.
ဒီိနိုင်ငံရေးနဲ့စီးပွားရေးအဆက်အစပ်ကို ကိန်းကလည်း ပြောခဲ့ဖူးပါတယ်။
‘Political problem of mankind was how to combine economic efficiency, social justice and individual liberty’ လူသားတို့ရဲ့ နိုင်ငံရေးပြဿနာဟာ စီးပွားရေးစွမ်းဆောင်ရည်ရယ်၊ လူမှုရေး တရားမျှ တမှုရယ်၊ ပုဂ္ဂလိက လွတ်လပ်မှုရယ် ရောသမ ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။
၁၈ ရာစုကတည်းက Adam Smith and Montesquieu တို့ကလည်း မှတ်ချက်ချခဲ့ဖူးတယ်။ အာဏာရှင် မင်းဆိုး မင်ညစ်နဲ့ စီးပွားရေးကျဆင်းမှု ဆက်စပ်နေတယ်လို့ ပြောဖူးပါတယ်။ ၂၀ ရာစုမှာ ဒီမိုကရေစီဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါတဲ့ အကြောင်းတရား ဖြစ်လာပါပြီ။ ၁၉၉၈ ခု စီးပွားရေး နိုဘယ်လ်ဆုကို Amatyr Sen ကို ပေးလိုက်တာဟာ အရေးပါတဲ့ မှတ်တိုင်တတိုင်ပါပဲ။ ဆင်းက ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှု အဆက်အစပ် ရှိမှုကို သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။
ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု တနည်းအားဖြင့် ငွေဖောင်းပွမှုဟာ စစ်အာဏာရှင်စနစ်နဲ့ ကပ်ပါလာတဲ့ ရောဂါလက္ခဏာဆိုးကြီးပါပဲ။ အာဏာရှင် နာဇီဟစ်တလာ လက်ထက်က ငွေစက္ကူတွေ ဗုံးပေါလအော ရိုက်ထုတ်ခဲ့လို့ ငွေဖောင်းပွမှုကြီးမားပြီး ဂျာမန် မတ်ငွေ တန်ဖိုး ထိုးကျခဲ့ရတဲ့ သာဓကတွေ၊ ဂျပန်ခေတ် ဗမာပြည်ဂျပန် ငွေစက္ကူသာဓကတွေ၊ ယူဂန္ဒာမှာ စစ်အာဏာရှင် အီဒီအာမင်က ငွေစက္ကူတွေ ဗုံးပေါလအော ရိုက်ထုတ်လို့ သူတို့ရဲ့ ရှီလင်ငွေတန်ဖိုးထိုးကျပြီး ငွေဖောင်းပွနှုန်း ခေါင်ခိုက်ခဲ့ရတဲ့ သာဓကတွေ၊ အဲဒီတုန်းက ယူဂန္ဒာဘဏ်ဥက္ကဋ္ဌက ငွေစက္ကူတွေ စီးမဲ့ကမ်းမဲ့ ရိုက်ထုတ်နေတာကြောင့် မိမိတို့ရဲ့ ရှီလင်ပိုက်ဆံဟာ အိမ်သာသုံး စက္ကူလောက်တောင် တန်ဖိုးမရှိတော့တဲ့အကြောင်း ဝေဖန်မိလို့ ထောင်သွင်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ အာမင်ဘေးမှာပါလာတဲ့ ကိုယ်ရံတော်တပ်သားလေးကို မင်းဘဏ်ဥက္ကဋ္ဌ တက်လုပ်တော့ဆိုပြီး တထိုင်တည်း ရာထူးအာဏာအပ်နှင်းလိုက်တယ်။ နိုင်ဂျီးယားစစ်အာဏာရှင်တွေ လက်ထဲက နိုင်ရာငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်း အဆမတန် ထိုးတက်၊ ငွေဖောင်းပွနှုန်းကြီးမားတဲ့ သာဓကတွေ အနတဂ္ဂမပါဘဲ။
စစ်အာဏာရှင်တွေဟာ ဘာလုပ်လုပ် အာဏာလက်နက်ပဲ သုံးတတ်တယ်။ တခြားဘာမှ မတတ်ဘူး။ သူသုံးဖို့ ငွေလိုရင် စက်နဲ့ ရိုက်ထုတ်လိုက်တာပဲ။ ဟစ်တလာဟာ အလုပ်လက်မဲ့ကျဆင်းအောင် Public works တွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်တယ်။ လမ်းတွေ ဖောက်တယ်၊ တံတားတွေ ဆောက်တယ်။ သူစစ်ရေး စစ်ရာအတွက် လမ်းပန်းဆက်သွယ်ရေးတွေ လိုအပ်နေတာကိုး။ လူတွေအလုပ်ရပြီး အလုပ်လက်မဲ့ ကျဆင်းမယ်။ ခုနလို လမ်းဖောက်၊ တံတားဆောက်တာဟာ ဟစ်တလာက ပိုက်ဆံပေးခိုင်းသေးတယ်။ ကျနော်တို့ စစ်တပ်ကတော့ ဟစ်တလာ့ထက် ပိုဆိုးသေး။ လုပ်အားပေးဆိုပြီး အလကားခိုင်းတာ။ ဟစ်တလာက လိုတဲ့ပိုက်ဆံတွေ စက်နဲ့ လှည့်ထုတ်၊ အဲဒီတော့ မတ်ငွေတန်ဖိုးကျ၊ ငွေဖောင်းပွ၊ ကုန်ဈေးနှုန်း အဆမတန်တက်၊ အဲဒီတော့ လုပ်ခတွေတိုးပေး၊ မီးလောင်ရာလေပင့်ဆိုသလို ကုန်ဈေးနှုန်းထပ်တက်။
နိုင်ဂျီးရီးယား စစ်အာဏာရှင်အစိုးရလည်း ဒီလိုပဲ။ ၁၉၈၇-၈၈ နဲ့ ၁၉၉၀-၉၄ ခုနှစ်အတွင်း expansionary monetary policy ခေါ်တဲ့ ငွေရိုက်ထုတ်ပြီး တဖက်က နိုင်ငံဘဏ္ဍာအသုံးစရိတ်ကို ရငွေနဲ့ မကာမိအောင် သုံးစွဲတဲ့အတွက် ငွေဖောင်းပွနှုန်း ကြီးမားလှပါတယ်။ နိုင်ငံခြားငွေကိုလည်း ပိတ်ထားလိုက်တဲ့အတွက် ပြင်ပ ဒေါ်လာဈေးက (၁၅၀) ရာခိုင်နှုန်း ခုန်တက်သွားတယ်။ သူရဲ့ငွေ Naira ကို အကြီးအကျယ်တန်ဖိုးချပေးလိုက် ပြီး နိုင်ငံခြားငွေကို လိုသလောက် ဖွင့်ပေးလိုက်တော့မှ ပြင်ပဒေါ်လာပေါက်ဈေး ကျဆင်းတည်ငြိမ်လာပါတယ်။ တိုင်းပြည်စီးပွားရေးကို စစ်တပ်ရဲ့အာဏာနဲ့ အုပ်ချုပ်လို့ မရဘူးဆိုတာ သိလာပြီးတဲ့နောက် ၁၉၉၉ ခုအတွင်း မှာ အာဏာလွှဲပေးလိုက်ပါတယ်။ စစ်အစိုးရ ခေတ်မရှိတော့ဘူးလို့လည်း စစ်ဗိုလ်ချုပ်ကြီး အဘူဘာကာက ဖွင့်ဟ၀န်ခံလိုက်ရပါတော့တယ်။
ငွေဖောင်းပွတယ်ဆိုတာဘာလဲ။
ကုန်ပစ္စည်းတခုအပေါ်မှာ အနုတ်အသိမ်းများရင်၊ အ၀ယ်လိုက်ရင် ဈေးတက်တတ်တယ်။ အဲဒီပစ္စည်းကို ပုံအောထုတ်ပေးနိုင်မှ ဈေးကွက်မှာ ပစ္စည်းမပြတ်နေသမျှတော့ ဈေးက တည်ငြိမ်နေဦးမှာပဲ။ ပစ္စည်းပြတ်ပြီး ရှားပါးသွားတာနဲ့ ဈေးတက်ပြီမှတ်ပေတော့။ သုံးငွေနဲ့ ကုန်ပစ္စည်း အားမျှနေရင် equilibrium ဖြစ်နေရင် ဈေးငြိမ်တယ်။ ကုန်ပစ္စည်းပေါများပြီး သုံးငွေအား မလိုက်နိုင်ရင် ဈေးကျနိုင်တယ်။ ကုန်ပစ္စည်းကရှားပြီး ငွေအင်အားကများပြီး အ၀ယ်လိုက်ရင် ဈေးတက်မယ်။ ပိုက်ဆံကပိုလာပြီး ပစ္စည်းပိုမထွက်လာရင်တော့ ဒါမှမဟုတ် ပစ္စည်းအရေအတွက်က ဒုံရင်းပဲဆိုရင် ဒါကို ငွေဖောင်းပွတယ်လို့ ခေါ်ပါတယ်။
ငွေဖောင်းပွတော့ ငွေတန်ဖိုးကျသွားတယ်။ ငွေကျပ် (၁၀၀) ဟာ ငါး (၁၀) သား ကနေ့ ၀ယ်စားနိုင်ပေမယ့် နောက်တပတ်အတွင်း ကုန်ဈေးနှုန်းတက်သွားတဲ့အခါ သူ့လက်ထဲကငွေ (၁၀၀) ဟာ အဲဒီ ငါး (၈) ကျပ်သားဖိုး ပဲ ၀ယ်ရနိုင်တော့တယ်။ ဈေးက တရိတ်ရိတ်တက်သွားလိုက်တာ နောက်တပတ်ကျတော့ သူ့လက်ထဲကငွေ (၁၀၀) ဟာ ငါး (၅) ကျပ်သားပဲ ၀ယ်ရတော့တယ်။ ငါးထုတ်လုပ်စရိတ်တက်လို့ ဈေးတက်သွားတာလား။ မွေးမြူရေးကန်က ငါးဆိုရင် ငါးစာဈေးတက်လို့ ဖြစ်စေ၊ ငါးကန်ရေထုတ်ရေသွင်းလုပ်ရာမှာ ဖြစ်စေ၊ တခြား တနေရာမှာ ဖြစ်စေ၊ မီးသုံးလို့ မီတာခတက်ရင် ဒါမှမဟုတ် လောင်စာဆီဈေးတက်လို့ ငါးဈေးတက်ရင်တော့ စရိတ်တက်လို့ ဈေးတက်သွားတာ ဖြစ်တယ်။ ဒါကို စရိတ်တွန်းငွေဖောင်းပွမှု cost-push inflation ခေါ်ပါတယ်။ တခါတရံ မိမိရဲ့ငါး ထုတ်ထုပ်စရိတ် တိုက်ရိုက်တက်တာမဟုတ်ဘဲ သူဝယ်စားသုံးတဲ့ပစ္စည်း ဒါမှမဟုတ် အထွေထွေဈေးနှုန်းတက်လို့ ကာမိအောင် လိုက်တက်ရတာလည်း ရှိပါတယ်။
ဥပမာ ဇိမ်ခံပစ္စည်းတခုက နိုင်ငံခြားကသွင်းပြီး ဈေးမှာချရောင်းတာကလည်း အကန့်အသတ်ဖြစ်၊ ဒီဇိမ်ခံပစ္စည်း ၀ယ်သုံးနိုင်တဲ့ လူတန်းစားကများလို့ ဖြစ်စေ၊ ပိုက်ဆံပေါလို့ ဖြစ်စေ၊ အ၀ယ်လိုက်နေရင်း ဈေးခုန်တက်မှာပဲ။ ဒါကို အ၀ယ်လိုက်ငွေဖောင်းပွမှု demand-pull inflation ခေါ်ပါတယ်။ အကွင်းသားမြင်အောင် နမူနာပြရရင်တော့ ဘိန်းငွေမဲတွေကို ငွေဖြူလုပ်ဖို့ ငွေဗုံးပေါလအောပေါက်ပြီးဝယ်တာ မန္တလေး၊ ရန်ကုန် အိမ်ဈေး၊ မြေဈေးတွေ တလောက တက်သွားတာဟာ အ၀ယ်လိုက်ငွေဖောင်းပွမှု demand-pull inflation ခေါ်ပါတယ်။
Monetarists တွေရဲ့ အယူအဆကတော့ တိုင်းပြည်ရဲ့ အမှန်တကယ် ထွက်ကုန်တိုးတက်နှုန်းနဲ့အညီသာ လှည့်လည်ငွေ တိုးနှုန်းရှိနေရပါမယ်။ သဘောကတော့ monetary growth>GDP growth ငွေဖောင်းပွလာမယ်။ ကုန်ဈေးနှုန်းတွေ တက်လာမယ်ဆိုလိုတာပါ။ ဗမာပြည်ရဲ့ monetary growth ကိုကြည့်ရင်၊
၁၉၉၁ (၄၅.၆)%
၁၉၉၂ (၃၀.၉)%
၁၉၉၃ (၃၄.၁)%
၁၉၉၄ (၄၁.၃)%
၁၉၉၅ (၃၄.၀)%
၁၉၉၆ (၃၉.၁)%
၁၉၉၇ (၂၈.၇)%
၁၉၉၈ (၂၇.၆)%
အသားတင်ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းထက် များစွာမြင့်နေတဲ့အတွက် ဗမာပြည်ရဲ့ ငွေဖောင်းပွနှုန်းဟာ၊ ၁၉၉၁ ခုက (၂၆.၅) ရာခိုင်နှုန်း ၊ ၁၉၉၀ ခုမှ ၁၉၉၄ ခုနှစ်အတွင်း တနှစ်ပျမ်းမျှ (၂၆.၁) ရာခိုင်နှုန်းနဲ့ ၁၉၉၅ ခုမှာ (၂၂.၅) ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၆ မှာ (၂၀) ရာခိုင်နှုန်း၊ ၁၉၉၇ မှာ (၃၃.၉) ရာခိုင်နှုန်း၊ ၁၉၉၈ မှာ (၄၉.၁) ရာခိုင်နှုန်း နောက်ပိုင်း ငွေဖောင်းပွနှုန်းဟာ (၆၇) ရာခိုင်နှုန်းအထိ ထောင်တက်သွားရာက ၁၉၉၉ ဧပြီလမှာ (၂၉) ရာခိုင်နှုန်းလောက် ပြန်ကျသွားပါတယ်။ တချိန်တည်းမှာပဲ စားသုံးကုန်ဈေးနှုန်းက ၁၉၉၈ ခု ဇွန်လမှာ ၁၉၉၇ ခု ဇွန်လထက် (၆၆) ရာခိုင်နှုန်း မြင့်တက်ပါတယ်။ ရန်ကုန်ဈေးဆနှုန်းဟာ ၁၉၈၆ ခုနှစ်ထက် (၁၁) ဆနီးပါး တက်ပါတယ်။
၁၉၉၉ ခု ဧပြီ ဆန်ဈေးသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပျှမ်းမျှအားဖြင့် (၁,၈၀၀) ရာခိုင်နှုန်း တက်သည်ဟု စာရင်းရပါသည်။
ငွေဖောင်းပွပြီး ကျပ်ငွေတန်ဖိုးကျလိုက်လာရင် လူတွေက သူ့လက်ထဲမှာ ကျပ်ငွေကြာကြာ သိမ်းမထားလိုဘူး။ ရွှေ ဒါမှမဟုတ် FEC ၀ယ်ထားလိုက်မှာပဲ။ ဒါမှမဟုတ် တွက်ချေကိုက်မယ့် ကုန်ပစ္စည်းတခုခု ဖမ်းဝယ်လိုက် မယ်။ ဘဏ်မှာ သွားထားဖို့ကလည်း ဘဏ်တိုးက တနှစ် (၁၂) ရာခိုင်နှုန်း၊ တနှစ်ငွေဖောင်းပွနှုန်းက (၂၂) ရာခိုင်နှုန်း လုံးဝမကိုက်ဘူး။ ကျပ်ငွေဟာ ငွေပူဖြစ်လာတယ်။ လက်ထဲမှာ ကြာကြာမထားလိုကြဘူး။ ပိုက်ဆံ လက်ထဲရောက်လာတာနဲ့ ပစ္စည်းဝယ်၊ ဈေးတက်ရင်ပြန်ရောင်း၊ ငွေဝင်လာတာနဲ့ ပစ္စည်းထပ်ဝယ်။ ကုန်ပစ္စည်း က တိုးလာတာ မဟုတ်ဘဲ ငွေလည်ပတ်တာက မြန်သထက်မြန်လာတယ်။ Money Velocity ခေါ်တယ်။ လှည့်လည်သုံးစွဲငွေလည်ပတ်နှုန်းက အကြိမ်များလို့ ဖြစ်စေ၊ အစိုးရက ငွေစက္ကူတွေ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်ပြီး ငွေလှည့်လည်စက်ဝိုင်းထဲဝင်သွားရင် ငွေအင်အားက များပြီး ပစ္စည်းအင်အားမလိုက်နိုင်ဘဲ ကုန်ဈေးနှုန်းကြီးမြင့်၊ ငွေဖောင်းပွနှုန်း ကြီးမားလာတတ်ပါတယ်။ ကျပ်ငွေကို လူတွေယုံကြည်စိတ်ချလာပြီး အပေါင်းလက္ခဏာပြ အမှန်ဘဏ်တိုးနှုန်းကလည်း ကောင်းရင် လူတွေလက်ထဲလှည့်လည်နေတဲ့ ငွေကို ဘဏ်အပ်ပြီး စုဆောင်းလာကြမှာပဲ။ သဘောက ဘဏ်တိုးနှုန်းက (၁၆) ရာခိုင်နှုန်း၊ ငွေဖောင်းပွနှုန်းက (၄) ရာခိုင်နှုန်းဆိုရင် အသားတင်အတိုးနှုန်းက (၁၂) ရာခိုင်နှုန်း၊ အပြင်လုပ်ငန်းမှာ ငွေအရင်းအနှီးထည့်လိုက်လို့ (၉) ရာခိုင်နှုန်းပဲ အကျိုးအမြတ် ပြန်ပေါ်ရင်၊ သူ့ပိုက်ဆံ ဘဏ်ပဲအပ်ထားတော့မှာပေါ့။ အဲဒီလိုလုပ်ရင် အပြင်က လှည့်လည်သုံးစွဲငွေက ကျသွားမယ်။ ငွေဖောင်းပွနှုန်းလည်း အရှိန်သေပြီး ထိန်းနိုင်လာလိမ့်မယ်။
ငွေဖောင်းပွတာကို ဘာနဲ့ တိုင်းသလဲ။
ဗမာနိုင်ငံလို အချို့နိုင်ငံတွေက စားသုံးသူဈေးဆနှုန်းနဲ့ တိုင်းပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအများကတော့ GDP Deflator နဲ့ တိုင်းပါတယ်။ ကျနော်တို့နဲ့ဆိုင်တဲ့ စားသုံးသူဈေးဆနှုန်း CPI ကို နည်းနည်းရှင်းပြပါမယ်။
ဗမာပြည်သူလူထု အများစားသုံး သုံးစွဲတဲ့ပစ္စည်းကို ပထမရွေးချယ်ရပါတယ်။ ဥပမာ ဆန်၊ ဆီ၊ ဆား၊ ငါး၊ ကြက်၊ ဘဲ၊ ၀က်၊ ဘဲဥ၊ ကြက်ဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ငါးပိ၊ ငါးပိရေ၊ အိမ်လခ၊ မီတာခ၊ ပုဆိုး၊ ထဘီအင်္ကျီ စသည်ဖြင့်ပေါ့။ ဒီရွေးချယ်သတ်မှတ်လိုက်တဲ့ ပစ္စည်းတွေ အခြေခံနှစ်တနှစ်ကို (၁၀၀) ထားပြီး နောက်ပိုင်း နှစ်စဉ်ရာခိုင်နှုန်း ဘယ်လောက်တက်လာတယ်ဆိုတာ တွက်ချက်ပြီး ထုတ်ပြန်ကြေညာရတာပါ။ ဗမာပြည်ရဲ့ ငွေဖောင်းပွနှုန်းကို ရန်ကုန် ၁၉၈၆ ခုဈေးကို အခြေခံထားပြီးတွက်ချက်တာပါ။ ဒါပေမယ့် ပြင်ပပေါက်ဈေးကို မယူဘဲ အစိုးရဈေးနဲ့ တွက်ချက်တာဖြစ်ပါတယ်။ အစိုးရဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ဆန်ကအစ များစွာ ကွာခြားပါတယ်။ ၀န်ထမ်းနဲ့တပ်ကို ထုတ်ပေးတဲ့ ဆန်ဈေးနဲ့ ပြင်ပဈေးများစွာ ကွာခြားပါတယ်။
ဒီကုန်ဈေးနှုန်းဟာ ပြည်တွင်းဖြစ် ပစ္စည်းဆိုရင် လုပ်ခစရိတ်တက်လို့ဖြစ်စေ၊ လောင်ဇာဆီဈေးတက်လို့ဖြစ်စေ၊ နိုင်ငံခြားက မှာယူရတဲ့ ကုန်ကြမ်းပစ္စည်း ဈေးတက်လို့ စသည်ဖြင့် ထုတ်လုပ်မှုစရိတ်တက်လို့လည်း ဈေးကြီး သွားရတယ်။ အပြင်က တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းဆိုရင်လည်း အဲဒီနိုင်ငံခြားငွေ လဲလှယ်နှုန်းတက်သွားလို့ ဈေးကြီးရတာလည်းရှိတယ်။ အဲဒီတော့ ငွေဖောင်းပွမှု အကြောင်းပြောရင် စရိတ်၊ အမျိုးသားငွေကြေး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့ ပါလာပါတယ်။
အမျိုးသား ငွေကြေးစနစ်ကို အဓိကအားဖြင့် Fiat အာဏာပိုင်တို့က ဘာမျှအကိုးအကား မပြုဘဲ အမိန့်အာဏာဖြင့် ရိုက်ထုတ်ဖြန့်ဝေခြင်းနဲ့ commodity-backed currency commodity-valued currency ကုန်ပစ္စည်းနောက်ခံထား ဒါမှမဟုတ် ကုန်ပစ္စည်းနဲ့ တန်ဖိုးညှိထုတ်လုပ် ဖြန့်ဝေသုံးစွဲတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ရွှေကို နောက်ခံထားပြီး ပိုက်ဆံထုတ်တယ်။ ဒေါ်လာကို အဲဒီလို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေအများစုဟာ အမေရိကမှာရှိနေ၊ ဒေါ်လာကလည်း အလွန်ခိုင်မာတော့ ဒေါ်လာကို ရွှေပြန်အမ်းနိုင်တယ်။ နောက်ပိုင်း ကမ္ဘာ့စီးပွားရေးအခြေနေကြောင့် ဒီလို မလုပ်နိုင်တော့ဘူး။
ဒါပေမယ့် တိုင်းပြည်ထုတ်ကုန် ကမ္ဘာ့ကုန်သွယ်ရေး အခြေနေပေါ်ကြည့်ပြီးတော့ ဒီပိုက်ဆံအပေါ်အနုတ်အသိမ်း အပေါ်မူတည်ပြီး Money Supply ကိုလုပ်ရတာ။ Money Supply ဆိုတာဘာလဲ။ လှည့်လည်သုံးစွဲငွေကို ခေါ်တာ။ Money in circulation ကို ခေါ်တာ။ Money Supply> Money Demand ဆိုရင် အနုတ်အသိမ်းလိုအပ်တာ ထက်ပိုနေရင် ငွေဖောင်းပွမှာပဲ။ ဥပမာပစ္စည်းက (၁၀၀) ဖိုးရှိပြီး ပိုက်ဆံကလည်း (၁၀၀) ဆိုရင် အိုကေတယ်။ ပစ္စည်းက (၁၀၀) ဖိုး၊ လှည့်လည်နေတဲ့ ပိုက်ဆံက (၁၁၅) ကျပ်ဖြစ်ရင် ငွေဖောင်းပွသွားပြီ။ ငွေတန်ဖိုးကျသွားပြီ။
၁၉၆၂ ခု ဦးနုလက်ထက်မှာ လှည့်လည်သုံးစွဲငွေ ကျပ်သန်း (၁,၁၉၄) ရှိရာက ၁၉၈၉ ခုနှစ်မှာ ငွေစက္ကူသစ်ကျပ်သန်း (၆,၇၄၀) ဖိုး ရိုက်ထုတ်ပြီး လှည့်လည်သုံးစွဲငွေဟာ ကျပ်သန်း (၁၈,၈၅၇) အထိဖြစ်လာတယ်။ ၁၉၉၁ ခုနှစ်မှာ ကျပ်သန်း (၁၀၆,၀၂၃) အထိ တိုးလာပြန်တယ်။ သူတို့အဖေကြီး ဗိုလ်နေ၀င်းရဲ့ မဆလ လက်ထက်ပြည်သူ့ဘဏ်ဥပဒေမှာတောင် ပြည်သူတို့လက်ထဲတွင် လှည့်လည်သုံးစွဲငွေ တန်ဖိုး၏ (၂၅) ရာခိုင်နှုန်းနှင့် ညီမျှသော အရန်ရွှေနဲ့ နိုင်ငံခြားငွေ ဘဏ်လက်ဝယ်ရှိရမယ်လို့ ပြဋ္ဌာန်းခဲ့ပါသေးတယ်။ ကြောထောက်နောက်ခံ နိုင်ငံခြားငွေ အင်အားနဲ့ချိန်ပြီး ငွေစက္ကူရိုက်ထုတ်ဖို့ စည်းကမ်းကလနားသတ်ပေးတာပါ။ ငွေတွေ ဗုံးပေါလအောမလုပ်အောင်ပါ။ အဲဒါက ၁၉၆၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ဥပဒေပါ။ ဒါပေမယ့် ၁၉၇၃ ခုနှစ်မှာ အရန်ရွှေနဲ့ နိုင်ငံခြားငွေ ကျပ်သန်းဖိုး (၄၀၈) သာ ရှိပေမယ့် လည်ပတ်တဲ့ ငွေက ကျပ်သန်း (၃) ထောင်ကျော် ဖြစ်နေပြီ။ အရန်ငွေမာဟာ (၁၃.၅) ရာခိုင်နှုန်းပဲ ရှိတော့တယ်။
ငွေတန်ဖိုးပြန်တက်အောင်၊ ငွေဖောင်းပွမှုကို ထိန်းနိုင်အောင် လည်ပတ်သုံးစွဲနေတဲ့ သံသရာထဲက ငွေတချို့ကို ဘဏ်ထဲပြန်ဝင်အောင် အတိုးကောင်းကောင်းပေးပြီး ဆွဲဆောင်တာ ဒါမှမဟုတ် အရင်းအနှီးပစ္စည်းထဲ လာမြုပ်နေအောင် လုပ်ပေးရတယ်။ သဘောကတော့ လည်ပတ်သံသရာထဲက ဖယ်ထုတ်လိုက်တာပဲ။ ကျနော်တို့ရဲ့ စစ်အာဏာရှင် ဥာဏ်ကြီးရှင်တွေကတော့ ၁၉၆၄ ခု မေလ (၁၇) ရက်က ကျပ် (၁၀၀) တန်နဲ့ (၅၀) တန်၊ (၂၅) တန်တွေ တရားမ၀င်လုပ်လိုက်လို့ လူထုဟာ ကျပ် (၉၁၆) သန်းဖိုး မွဲသွားခဲ့တယ်။ ၁၉၈၆ ခုမှာပဲ (၃၅) ကျပ်တန်၊ (၄၅) ကျပ်တန်၊ (၉၀) ကျပ်တန် ငွေစက္ကူသစ်တွေ ထပ်ထုတ်တယ်။ တခါ ၁၉၈၇ ခုနှစ် စက်တင်ဘာ (၅) ရက်က (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန် ငွေစက္ကူတွေ လှည့်လည်သုံးစွဲ နေတဲ့ငွေမှ (၇၅) ရာခိုင်နှုန်းနီးပါးကို တရားမ၀င် ကြေညာလိုက်ပြန်ပါတယ်။
ဒီငွေတွေကလည်း ပထမတခါတုန်းက (၂၅) ကျပ်တန်၊ (၅၀) ကျပ်တန်၊ (၁၀၀) ကျပ်တန်တွေ တရားမ၀င် ဖျက်သိမ်းလိုက်ပေမယ့် ဗိုလ်နေ၀င်းအတွက် ဗေဒင်ကိန်းခန်းအရ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေ လိုက်တာဖြစ်ပါတယ်။ အဲဒီတော့ တချို့ငွေတွေ လှည့်လည်သုံးစွဲငွေထဲက ထွက်သွားလို့ ယာယီခဏလေးသာ ငွေဖောင်းပွနှုန်းကျသွားပေမယ့် ပြန်ပြီး (၃၀.၇၅) ရာခိုင်နှုန်း ထောင်တက်သွားပြန်တယ်။ ဒုတိယအကြိမ်လည်း အဲဒီလိုပဲ ခဏပဲကျပြီး ၁၉၈၈ ခုမှာ ငွေဖောင်းပွနှုန်းဟာ ဒုံရင်း (၃၁.၆၇) ရာခိုင်နှုန်းပြန်တက်လာပြန်တယ်။ အထိနာတာက လက်လုပ်လက်စား၊ ကုန်စုံဆိုင်အသေးစားပိုင်ရှင်တွေ၊ လက်လွှဲလက်ပြောင်း လုပ်စားသောက် လုပ်ကိုင်စားရတဲ့ လူတန်းစားဟာ လက်ထဲမှာရှိစုမဲ့စု ငွေလေးဟာ နေ့ချင်းညချင်း စက္ကူစုပ်ဖြစ်ပြီး မွဲပြာကျသွားကြတယ်။ အသေးစားထုတ်လုပ်မှု ၀န်ဆောင်မှုလည်း အထွက်ကျသွားတယ်။
စစ်ဗိုလ်ကြီးတွေကတော့ မကြေညာခင်လေးမှာ လက်ထဲရှိတဲ့ အဲဒီငွေစက္ကူတွေ ပစ္စည်းဝယ်သုံးပစ်လိုက်ကြ တယ်။ သူတို့ကတော့ မထိဘူးပေါ့။ ဒုတိယအခါကျတော့ လူထုကမခံမရပ်နိုင်ဖြစ်ပြီး အုံကြွပေါက်ကွဲလို့ ရှစ်လေးလုံး အရေးအခင်းထိ ဖြစ်သွားရတယ် မဟုတ်လား။ အာဏာရှင်ပီပီ အာဏာနဲ့ လုပ်ရင်ရမယ် မှတ်နေတာကိုး။ ၁၉၉၄ ခုမှာ (၁၀) ကျပ်တန်၊ (၅၀) ကျပ်တန်၊ (၅၀၀) ကျပ်တန် နဲ့ ၁၉၉၈ ခုပိုင်းမှာ ကျပ် (၁,၀၀၀) တန်ပါ ထုတ်ပြန်တယ်။ ငွေတခါတခါချေရင် ဂုံနီအိတ်နဲ့ သယ်ပြီးချေရတဲ့ ဘိန်းဘုရင်တွေ အဲဒီဒုက္ခက လွတ်ကင်းအောင် အရွက်ကြီးတွေ အကျိုးဆောင်ထုတ်ပေးတာနဲ့ တူပါရဲ့။
တကယ်တော့ မှန်ကန်တဲ့ ငွေကြေးပေါ်လစီကို သုံးရမှာ။ ဒါလည်း တင်းကျပ်တဲ့ ဘဏ္ဍာရေးပေါ်လစီနဲ့ အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
|