(က)
“စက်တင်ဘာအရေးတော်ပုံက ရွှေဝါရောင်တော်လှန်ရေးဟုဆိုရမည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာ အရှင်သူမြတ်တို့က ဦးဆောင်သည်။ ကိုင်စွဲသောလက်နက်က မေတ္တာတရား။ လူထုက ရဟန်း သံဃာအရှင်သူမြတ်တို့နှင့် ပူးပေါင်း၍ ဆွမ်းကွမ်းဆပ်ကပ်ရာမှစ၍ …။
သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာသုတ်ရွတ် ဆန္ဒထုတ်ဖော်မှုက ငြိမ်းချမ်းစွာနှင့် မြို့ပြ၏ လမ်းမများထက်၌ ..။ တက္ကသိုလ်ရိပ်သာလမ်းသို့ရောက်သည်။ အိမ်အမှတ် (၅၄) အရှေ့၌ မေတ္တာ သုတ်ရွတ်၏။ အာဏာပါးကွက်သားတို့၏ အတားအဆီးများကြားမှ ဒေါ်အောင်ဆန်းစုကြည် ထွက်
၍ သံဃာတော်အရှင်သူမြတ်တို့အား ဖူးမျှော်၏။ ရှိခိုးပူဇော်၏။
မိုးထဲ၊ လေထဲ၊ ရေထဲ၌ ...။
(ခ)
အာဏာပိုင်တို့မှ စတင်အကြမ်းဖက်တိုက်ခိုက်သည်က ပခုက္ကူတွင်ဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးကြီး၏ ကနဦး။ သံဃာတော်တို့အားလမ်းမထက်တွင်ပင် ရိုက်၏။ ကြိုး
ကွင်းနှင့် ပစ်ဖမ်း၏။ “မီလာရှီကာ” နည်းဖြင့်။ လမ်းဘေးဓာတ်မီးတိုင်တွင် ကြိုးနှင့်ချည်ပြီး ရိုက်၏။
ထို့နောက် အာဏာပိုင်တို့၏ အကြမ်းဖက်မှုများက ရန်ကုန်၊ မန္တလေး၊ စစ်တွေ။ အို ရဟန်းသံဃာ အရှင်သူမြတ်တို့ မေတ္တာသုတ်ရွတ်ဖတ်သည့်နေရာတိုင်းသို့ ။
သေနတ်နှင့်ပစ်သည်။ တုတ်နှင့်ရိုက်သည်။ ဒရွတ်ဆွဲ၍ ထောင်အတွင်းသို့ ခေါ်သည်။ ရိုက်ရင်း ပျံလွန်တော်မူသည့် ရဟန်သံဃာတော်အရှင်သူမြတ်တို့အား ချောင်းဘေး၊မြောင်းဘေး၌ ပစ်ထား
၏။ လင်းဒ စားစား၊ ခွေးစားစား ...။
ထိုထိုသောအခြေအနေ၌
သံဃာတော်အရှင်သူမြတ်တို့အပေါင်းက စစ်အုပ်စုအား “ပတ္တနိက္ကုဇ္ဇန” ကံဆောင်သပိတ်မှောက်လိုက်ကြတော့သည်။ သာသနာ့ကျင့်ဝတ်နှင့်အညီ။ စစ်အုပ်စု၏ သာသနာ အရေးတို့တွင် မြန်မာနိုင်ငံရှိ ရဟန်းသံဃာတို့မှ ပူးပေါင်းဆောင်ရွက်တော့မည်မဟုတ်တော့ ...။
စစ်သားသေလျှင် သရဏဂုံတင်ပေးမည့်ရဟန်းမရှိ။ ငါးပါးသီလခံယူလိုသော စစ်သားအမေသည် သီလပေးမည့် ရဟန်းမရှိတော့။ နံနက်တိုင်း ဆွမ်းခံကြွနေကျရဟန်းတို့ စစ်သားတို့၏ အိမ်ရှေ့သို့ မကြွတော့ ...။
“ပတ္တနိက္ကုဇ္ဇန” ကံဆောင်လိုက်ကြပြီ ...။
(ဂ)
အမူးပြေပြီ။
ဘာလုပ်မည်နည်း။
စစ်အုပ်စု စဉ်းစားရပြီ။ တွေ့ဆုံဆွေးနွေးရေး...။
တွေ့ဆုံဆွေးနွေးရေးဟူသည်က အချိန်ဆွဲလျှင် ဆွဲသလိုရသည်။ ဤတွင် ဗိုလ်မှူးချုပ်ဟောင်း ဘောင်းဘီချွတ် (ဦး)အောင်ကြည်အား စစ်အုပ်စု၏ ဆက်ဆံရေးဝန်ကြီးအဖြစ် အောက်တိုဘာလ
(၈) ရက်နေ့တွင် ကြေညာချက်ထုတ်၍ ခန့်အပ်၏။ သူကား တပ်မ (၃၃) ခလရ (၇၆) က လာသူ ဖြစ်သည်။
အောက်တိုဘာလ (၂၅) ရက်နေ့တွင် စစ်အုပ်စု၏ဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ဆုံ၏။ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင်...။စစ်အုပ်စု၏ ရုပ်သံသတင်းများတွင် ဖော်ပြ၏။
(ဃ)
စစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်။ သို့သော်
ကန့်သတ် ချက်များကပါ၏။
ဤသည်တို့အား ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်လုပ်ဆောင်ခြင်း မပြုလုပ်
ရ။ “ဟင့်အင်း” ကို ကျော်ဖြတ်ခိုင်းနေပြီ။ မဟော်သဓာသားလုခန်းအလား ...။
ဤကား ပြဿနာဖြစ်၏။ တွေ့ဆုံဆွေးနွေးရေးဟူသည်ကား စစ်မြေပြင်တွင် မဖြေရှင်းနိုင်သည့် အရေးအား စားပွဲဝိုင်းတွင် ဆွေးနွေးရန်ဖြစ်၏ ။ ဤတွင် တဘက်မှ တဘက်ကို လေးစားရ၏။ အသိအမှတ်ပြုကြရ၏။ ပွင့်လင်းရ၏။ ရိုးသားရ၏။ ပြဿနာအား ပြေလည်အောင်ဖြေရှင်းလို
သည့် စိတ်စေတနာရှိကြရ၏။ စစ်မြေပြင်အား စားပွဲဝိုင်းသို့ ရွေ့ခြင်းမဟုတ် ...။
(င)
ဒေါက်တာဟင်နရီကစ်ဆင်းဂျားကား စစ်အေးခေတ်တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးရာ၌ ထူးချွန် ပြောင်မြောက်သည့် သံတမန်တဦးဟု အမည်ရသည်။ အာရပ်-အစ္စရေးကိစ္စ ။ ဆိုဗီယက်၊ တရုတ်တို့နှင့် အိမ်ဖြူတော်ကို နွေးထွေးရန် ဆောင်ကြဉ်းပေးနိုင်ခဲ့သူ ...။
သူက ၁၉၇၀ ခန့်က ဆိုဖူး၏။ “ဆဒတ်” တို့ “ ဂိုလ်ဒါ” တို့နှင့် တွေ့အပြီးတွင် ပြောခဲ့သော စကားဖြစ်သည်။
“… စစ်မြေပြင်မှာ အရှုံးမပေးနိုင်တဲ့ကိစ္စကို စေ့စပ်ဆွေးနွေးစားပွဲမှာလည်း ဘယ်သူကမှ အလျှော့ပေးချင်ကြမှာမဟုတ်ဘူး။ ဒါကို ယထာဘူတကျကျ စဉ်းစားတတ်တဲ့လူတိုင်း လက်ခံရပါလိမ့်မည်။ သူ့ဘက်ကိုယ့်ဘက်ထိုက်တန်တဲ့ “ကြေး” ရမှသာ အကောင်းဆုံး သဘောတူညီချက်တွေကို လက်ခံကြမှာပဲ။ဒါကြောင့် တဖက်သား နလန်မထူနိုင်အောင် ပျက်စီးစေမယ့် နိုင်ငံရေးဖြေရှင်းနည်းကို သဘောတူလက်ခံဖို့ ဘယ်တော့မှ မတောင်းဆို
သင့်ဘူး...။”
မှတ်သားစရာပင်။ အတွေ့အကြုံမှရသော သဘောတရားဟု ဆိုရမည်။
(စ)
စစ်အုပ်စုရပ်ခံထားသည့် “ကြေး” က ဘာလဲ။ မေးစရာရှိလာ၏။
စစ်အုပ်စုသည် စက်တင်ဘာ အရေးတော်ပုံအား ချေမှုန်းရင်း ကြံ့ဖွတ်များနှင့် ဘောလုံးကွင်းထောက်ခံပွဲများ ပြုလုပ်၏။ သူတို့၏သဘောထားအား ပြခြင်းဖြစ်သည်။
“လမ်းပြမြေပုံ (၇) ချက်” အတိုင်း ရပ်တည်နေကြောင်းပြ၏။ ဇူလိုင်လတွင် အပြီးသတ်ခဲ့သည့် အမျိုးသားညီလာခံ၏ ရလဒ်အား ဆက်၍အကောင်အထည်ဖော်မည်ဟု ဆိုသည်။ ဖွဲ့စည်းပုံ ရေးဆွဲမည့် ကော်မတီအား ဖွဲ့စည်းပေးခဲ့၏။ ကော်မတီတွင်ပါဝင်သည့် ပုဂ္ဂိုလ်များက ပါမှန်းပင်
မသိ။ သတင်းစာတွင် ဖော်ပြမှသိကြရသည်။ မူးမူးနှင့်လုပ်ခြင်း ...။
ဤ “ကြေး” နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးမည်။ အမျိုးသားညီလာခံရလဒ်နှင့် လမ်းပြမြေပုံ
(၇)ဆင့်ကား ပြည်သူလူထုသဘောမတူသည့် နိုင်ငံရေးအဖြေ ...။
ဤတွင် စစ်အုပ်စု ဘာဆက်လုပ်မည်နည်း ...။
“ပတ္တနိက္ကုဇ္ဇန” ကံဆောင်မှုကား ဆောင်ဆဲ ...။
စစ်အုပ်စု အမူးပြေပြီ ...။ ဘာဆက်လုပ်မလဲ ...။
|